ဆားလင်းကြီးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စောင်နဲ့ခေါင်းအုံးတွေထောက်ပံ့

ဆားလင်းကြီးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စောင်နဲ့ခေါင်းအုံးတွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာအပါအဝင် ကျေးရွာ ၂ ရွာမှ တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေကို စောင်နဲ့ခေါင်းအုံးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အထက်ပါကျေးရွာ ၂ ရွာက အိမ်ထောင်စု ၂၀၀ ကို စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

"စစ်တပ်က အိမ်တွေမီးရှို့တော့ ပစ္စည်းတွေအကုန်ပါသွားကြတယ်။ ကိုယ်လွတ်ရုန်း ထွက်ပြေးလာတဲ့ သူတွေ များပါတယ်။ သူတို့အတွက် လိုအပ်နေတယ်ဆိုလို့ နိုင်သမျှထောက်ပံ့ပေးခဲ့တာပါ" လို့ ထောက်ပံ့ရာမှာ ဦးဆောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

တအိမ်ထောင်ကို စောင် ၁ ထည်နဲ့ ခေါင်းအုံး ၂ လုံးထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းမှာ ညောင်ပင်ကြီးရွာ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ပင်ကြီးရွာအပါအဝင် အနီးကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၁၀၀၀ ကျော် စစ်ရှောင်နေရတာပါ။

လက်ရှိအချိန်အထိလည်း ဒေသခံတွေဟာ နေရပ်ကိုမပြန်ရဲကြသေးဘဲ ဘေးကင်းမယ်ထင်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြကာ တချို့ကလည်း တောထဲမှာယာယီတဲထိုးနေကြပြီး နီးစပ်ရာမှာ ပေါင်းထိုး၊ မြက်နှုတ်၊ ကုန်ထမ်း စတဲ့ ကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ရှောင် #ထောက်ပံ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10