ဆားလင်းကြီးတွင် သေဆုံးသွားတဲ့ ဦးဗန့်ဂျီအတွက် ဆုတောင်းသပိတ်ပြုလုပ်

ဆားလင်းကြီးတွင် သေဆုံးသွားတဲ့ ဦးဗန့်ဂျီအတွက် ဆုတောင်းသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီအပါအဝင် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရသူတွေအတွက် ဇွန်လ ၁၁ ည ၇ နာရီအချိန်က ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ပြီး ဆုတောင်းသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 


အဲဒီသပိတ်ကို လက်ပံတောင်းတောင် ဒေသပင်မသပိတ် အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 


သေဆုံးခဲ့သူမှာ ဆားလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ဖြစ်သလို လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင်အဖွဲ့ဝင်တဦး ဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးဗန့်ဂျီ ဖြစ်ပါတယ်။ 

ဦးဗန့်ဂျီဟာ တခြားအဖွဲ့ဝင် ၃ ဦးနဲ့အတူ မေလ ၃၁ ရက်နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းတခုကို ကင်းထောက်ရင်း ညောင်ပင်ကြီးကျေးရွာအနီးမှာ မုံရွာဘက်ကနေ ဝမ်ပေါင်ကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ဦးဗန့်ဂျီကို ဇွန်လ ၃ ရက်နေ့လယ် ၁ နာရီကျော်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာမြို့က စစ်ကြောရေးတနေရာကို ပို့ဆောင်လိုက်ပြီး ၈ ရက်အကြာမှာ အခုလိုသေဆုံးလျှက် ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

"ကိုဗန့်ဂျီဟာ စစ်တပ်ရဲ့ လူမဆန်စွာသတ်ဖြတ်တာခံခဲ့ရတယ်။ နေ့လည်ပိုင်းက မီးရှို့သဂြိုဟ်ခဲ့ပြီ။ အဲဒါနဲ့ပတ်သက်ပြီးကျဆုံးခဲ့တဲ့ အာဇာနည် ကိုဗန်ဂျီအတွက် ဆုတောင်းပွဲလုပ်ဖြစ်တာပါ" လို့ လက်ပံတောင်းတောင် ပင်မသပိတ်ဦးဆောင်သူတဦးက ပြောပါတယ်။

အခု ဆုတောင်းပွဲကို ဆားလင်းကြီးမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ၊ လက်ပံတောင်းတောင်ဒေသပင်မသပိတ်၊ Salingyi (SPDF) ၊ သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ (ဆားလင်းကြီး)နဲ့ပြည်သူ့အင်အား ၁၀၀ ကျော်တို့ ဆုတောင်းခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးသပိတ်တရားတွေဟောကြားရာ ည ၈နာရီခွဲအချိန်မှာ ပြီးစီးခဲ့ကြောင်း သိရသည်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #ဦးဗန့်ဂျီ #ပြည်သူ့အုပ်ချုပ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10