ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား သေနတ် ၂ လက်နဲ့ အလင်း၀င်လာ

ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား သေနတ် ၂ လက်နဲ့ အလင်း၀င်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး သေနတ် ၂ လက်အပြင် လက်နက်ခဲယမ်းမျိုးစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

ရဲတပ်သားဝေလျှံကျော်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် မနေ့ည ၈ နာရီခွဲလောက်က သမန်းကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။ 

သူနဲ့အတူ  G 3 ၁ လက်၊ MA 4 ၁ လက်၊ ကျည်ဘောက် ၅ ခု၊ G 3 ကျည် ၁၈၁ တောင့်၊ MA 4 ကျည် ၅၃၆ တောင့်၊  အီနာဂါ ၆ လုံး၊ ပို့ကျည် ၉ တောင့် ၊ 40 မမ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ icon ၁ လုံး၊ ဓားမြှောင် ၁ လက်၊ ကျည်ကာ ၁ ထည်တို့ကိုလည်း ယူဆောင်လာတယ်လို့ ဆိုပါတယ်။ 

“အလင်းဝင်လာသူအတွက် ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ ငွေလိုအပ်နေလို့ အလှူရှင်တွေကို အကူညီတောင်းထားပါတယ် “လို့ သမန်းကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ကိုမဲကြီးက ပြောပါတယ်။

အလင်းဝင်ရဲတပ်သားကို လက်ရှိမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ခရိုင်ကွပ်ကဲရေးရုံးကို ဆက်လက်လွှဲပြောင်းရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ကြေးနီစီမံကိန်းဝမ်ပေါင်မှာ လုံခြုံရေးစောင့် ရဲတပ်သား ‌၁ ဦး G 3 တလက် အူဇီတလက်နဲ့ သမန်းကျားပြောက်ကျားတပ်ဆီကို အလင်းဝင်းခဲ့လို့ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပါသေးတယ်။

သမန်းကျားပြောက်ကျားတပ်ဆီကို အလင်း၀င်လာသူ စုစုပေါင်း ၂ ဦးရှိပြီလို့လည်း အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

ပုံစာ -  အလင်းဝင်ရဲတပ်သားနှင့် လက်နက်ခဲယမ်းများ။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ဆာလင်းကြီး #သမန်းကျားပြောက်ကျားတပ် #ရဲတပ်သား #အလင်း၀င် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10