ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော်ပျက်စီး

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း မေ ၁၀ ရက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးရော ဒရုန်းနဲ့ပါ ပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း အဖွဲ့ဆီက သိရပါတယ်။

မုံရွာဘက်ကမ်းရှိ စစ်တပ်စခန်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးနယ်ရှိ ပလောင်ရွာနဲ့ ကူးတို့ကုန်းစတဲ့ ကျေးရွာတွေကို နေ့လယ် ၁ နာရီကနေ ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတာ။ ယောက်ျားတဦး ဒဏ်ရာရတယ်။ နေအိမ် အမိုးတွေလည်း ပျက်စီးတယ်။ ရွာသားတွေက စစ်ရှောင်နေရတယ်" လို့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ပလောင်ရွာနေ အသက် ၄၀ ခန့်အရွယ်ရှိ အမျိုးသားတဦး ဝမ်းဗိုက်ဒဏ်ရာရရှိပြီး ဆေးဝါးကုသနေရကာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သူက ဆက်ပြောပါတယ်။

ထို့အတူ ပလောင်ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးကျော်မှာ ခေါင်မိုးများ၊ အကာအရံများ၊ အသုံးအဆောင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

" ဒီကောင်တွေက ကျနော်တို့ရွာဘက်တွေကို မကြာခဏ လက်နက်ကြီးနဲ့ ထုကြတယ်။ တိုက်ပွဲလည်း မဖြစ်ပါ ဘူး။ ဒီတခါတော့ ဒရုန်းတွေရော ပါတယ်" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ပလောင်ကျေးရွာနဲ့ ကူးတို့ကုန်းကျေးရွာမှာနေထိုင်ကြတဲ့ ပြည်သူ ၂,၀၀၀ ခန့်မှာလည်း ကြောက်လန့်ပြီး စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ဒုတိယပတ်အတွင်းမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - လက်နက်ကြီးပစ်ခတ်လို့ ပျက်စီးတဲ့နေအိမ်တချို့ကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ယင်းမာပင် #ဆားလင်းကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ပြည်သူဒဏ်ရာရ #နေအိမ်ပျက်စီး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10