ဆားလင်းကြီးမှာ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

ဆားလင်းကြီးမှာ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စက်တင်ဘာ ၂ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ Hero Fighter တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ရေစကြိုကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး၊ ဖလက်ခွံ ၇ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆားလင်းကြီးမြို့နယ် ရေပိုင်နက်အတွင်း တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

“သူတို့က လမ်းကြောတလျှောက်လုံးကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ကတော့ ကျနော်တို့ပွိုင့် ရောက်တဲ့အခါမှ သူတို့ကိုပစ်တာ။ သူတို့ RPG နဲ့ပစ်လိုက်တော့ အစလေးတွေ ကျနော်တို့ရဲဘော်တဦးနဲ့ အခြားအဖွဲ့က ရဲဘော်တဦးကို ထိသွားတယ်” လို့ Hero Fighter တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒီထိတွေ့တိုက်ခိုက်မှုတွေဟာ စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီမှာ တကြိမ်၊ ၂ နာရီလောက်မှာ တကြိမ် ဖြစ်ခဲ့တာပါ။ 

ထိခိုက်သွားတဲ့ ရဲဘော်တွေကို ဆေးကုသပေးနေကာ စစ်ကောင်စီဘက်ကလည်း ၄ ဦး သေဆုံးသွားတယ်လို့ သိရကြောင်း သူကဆိုပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီသင်္ဘောတွေဟာ မုံရွာဇက်ဆိပ်ကမ်းကို ကပ်ပြီး ထိခိုက်သေဆုံးသူတွေကို ကျန်းမာရေးကား ၅ စီးနဲ့ လာရောက်သယ်ယူသွားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့နဲ့ Monywa Underground Guerrilla Force (MUGF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

လက်ရှိမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တွေအနေနဲ့ ကျည်အခက်အခဲရှိနေတာကြောင့် ပြည်သူတွေဘက်ကလည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးစေချင်တယ်လို့ Hero Fighter တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“ခုပေါင်းတိုက်တဲ့ ငါးဖွဲ့လုံး ကျည်တစ်တောင့်မှ မရှိကြတော့ဘူး။ အဲ့တော့ ကျည်လိုအပ်နေပါတယ်။ ကျည်တတောင့် ၁၃၅၀၀ ဖြစ်နေပါတယ်။ မိဘပြည်သူများ ဝိုင်းကူကြပါဦး။ ဂန်းရှိပြီး ကျည်မရှိတော့ တုတ်ထမ်းထားရသလို လေးတာပဲ အဖက်တင်ပါမယ်။ ကျည်သာပေးကြပါ။ ကျုပ်တို့ အသက်ပေးပါ့မယ်” လို့ ဆိုပါတယ်။ 

Hero Fighter (Salingyi) အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကလည်း ရေစကြိုမြို့ကနေ မုံရွာ နမခ တပ်ကို ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေလာပို့တဲ့ စစ်သင်္ဘောတွေကို RPG အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #PDF #တိုက်ပွဲ #ထိခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10