ဆားလင်းကြီး၊ ဝမ်ပေါင်စီမံကိန်း ဂိတ်စောင့် ရဲ ၁ ဦး သေနတ် ၂ လက်နဲ့အလင်းဝင်

ဆားလင်းကြီး၊ ဝမ်ပေါင်စီမံကိန်း ဂိတ်စောင့် ရဲ ၁ ဦး သေနတ် ၂ လက်နဲ့အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ် - ဝမ်ပေါင်ကုမ္ပဏီအတွင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး သြဂုတ်လ ၂၄ ရက် ဒီနေ့မနက်မှာ သေနတ် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန် ထားပါတယ်။

အလင်းဝင် ရဲတပ်သားနဲ့အတူ BA-94 (အူဇီ) သေနတ် ၁ လက်၊ BA 63 (G3) ၁ လက်၊ ကျည်ဘောက်တခု၊ ၇.၆၂ မမ ကျည် ၁၀ တောင့်၊ ၉ မမ ကျည် ၉ တောင့်၊ စကားပြောစက်တလုံး ပါလာတယ်လို့ ဆိုပါတယ်။ 

"ဒီမနက်ပဲ ဆားလင်းကြီးမြို့နယ်သမန်းကျားတပ်ဖွဲ့ကို အလင်းဝင်လာတာပါ။ သူက အရင်တခါလည်း CDM လုပ်ဖို့ ကြိုးစားတာမှာ ဖမ်းခံရပြီး အခုအကြိမ်မှ အောင်မြင်တာပါ။ သမန်းကျားအဖွဲ့ဟာ NUG လက်အောက်ခံအဖွဲ့ဖြစ်ပြီး အလင်းဝင်လာမယ့်စစ်သားနဲ့ ရဲတွေကိုလည်း ကြိုဆိုနေတယ်" လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ သမန်းကျားတပ်ဖွဲ့အနေနဲ့ CDM ရဲတပ်သားအတွက် ထောက်ပံ့ကြေးပေးဖို့ လိုအပ်နေပြီး မြေပြင်ကပြည်သူတွေကလည်း သမန်းကျားတပ်ဖွဲ့ကို ဆက်သွယ်လှူလို့ရသလို အွန်လိုင်းက လှူလိုသူ တွေအနေနဲ့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ Page နဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

CDM ရဲတပ်သားကို လုံခြုံတဲ့နေရာကို မပို့ဆောင်ရသေးသလို မိသားစုဝင်တွေလည်း အခြားမြို့နယ်မှာ ရှိနေတဲ့အတွက် ရဲတပ်သားရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်သေးဘူးလို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကြေးနီစီမံကိန်းဝန်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးချထားတာဖြစ်ပြီး အဲ့ဒီ စစ်ကောင်စီလုံခြုံရေးဂိတ်တွေကို ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေကလည်း မကြာခဏဆိုသလို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - အလင်းဝင်ရောက်လာသည့် ရဲတပ်သား (ယာပုံ)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ဆားလင်းကြီး #ရဲတပ်ဖွဲ့ဝင် #CDMပြုလုပ် #တရုတ်စီမံကိန်း #လုံခြုံရေး #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10