ဆိပ်ဖြူက ရွာချင်းဆက်လမ်းကို စစ်ကောင်စီဖျက်ဆီး၊ ပြုပြင်ရင် အနီးကျေးရွာကိုမီးရှို့မယ် ခြိမ်းခြောက်

ဆိပ်ဖြူက ရွာချင်းဆက်လမ်းကို စစ်ကောင်စီဖျက်ဆီး၊ ပြုပြင်ရင် အနီးကျေးရွာကိုမီးရှို့မယ် ခြိမ်းခြောက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာချင်းဆက် လမ်းကြောတခုကို စစ်ကောင်စီတပ်သားတွေက သြဂုတ် ၉ ရက်မှာ လာရောက်ဖျက်ဆီးခဲ့တဲ့အပြင် ပြုပြင်ပါက အနီးရှိကျေးရွာတွေကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ကပစ ၂၁ တပ်နဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်မ ၉ မှ စစ်သားတွေက မြေတူးကားနဲ့ လာရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီး အဆိုပါလမ်းကြောရှိ ကျောင်းရွာ၊ ကုန်းရွာနဲ့ ငါးချဉ်ချောင်းရွာအနီး ၃ နေရာကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"လမ်းကိုပြန်ပြင်ရင် အနားကရွာတွေကို စစ်တပ်က မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတယ်။  လက်ရှိက စစ်ကြောင်းလည်းရှိနေတော့ အဲ့ဒီလမ်းကို ဘယ်သူမှလည်း မသွားသလို ဘယ်သူမှလည်း မပြင်ကြဘူး"လို့ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုမိုက်ကယ်က ပြောပါတယ်။

အဲ့ဒီလမ်းပိုင်းပိုင်းကို ကျစ်ပြင်၊ ရွာသာကုန်း၊ သက္ကကျင်း၊ ထွန်ရွာ၊ ရှားလှ၊ ကျောင်းရွာ၊ ကုန်းရွာနဲ့ ငါးချဉ်ချောင်းရွာ စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဆိပ်ဖြူမြို့ပေါ်ကို သွားရာမှာ အဓိကအသုံးပြုနေကြရတာဖြစ်ပြီး ခုလို ဖျက်ဆီးလိုက်တာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေး ခက်ခဲနှောင့်နှေးနေကြရတယ်လို့ ဆိုပါတယ်။ 

ဖျက်ဆီးခံရတဲ့ လမ်းအနီးကကျေးရွာတွေဟာ ဆိပ်ဖြူမြို့ပေါ်ကို အဆိုပါလမ်းပိုင်းကနေ ဆိုင်ကယ်နဲ့သွားပါက ၁ နာရီကျော်သာ ကြာမြင့်မှာဖြစ်ပြီး အခြားလမ်းက သွားပါက ၃ နာရီလောက် ကြာမြင့်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ခုလိုဖျက်ဆီးတာဟာ စစ်ကောင်စီက ပြည်သူတွေကို ရိက္ခာအခက်အခဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဒေသခံတဦးက ဆိုပါတယ်။

အလားတူ ဧပြီ ၁ ရက်ကလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံတွေအသုံးပြုနေတဲ့ မူးဘောင်လမ်းကို မြေတူးစက်နဲ့တူးကာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ဆိပ်ဖြူမြို့နယ်အတွင်း စစ်တပ်က ဖျက်ဆီးသွားသည့် လမ်းပိုင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆိတ်ဖြူ #စစ်ကောင်စီ #လမ်းပိုင်း #ဖျက်ဆီး #သတင်း #ခြိမ်းခြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10