ဆိပ်ဖြူမြို့နယ်က ကြားကာလစာသင်ကျောင်းအနီး စစ်တပ်ကလေကြောင်းတိုက်ခိုက်

ဆိပ်ဖြူမြို့နယ်က ကြားကာလစာသင်ကျောင်းအနီး စစ်တပ်ကလေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာတရွာက NUG ကြားကာလစာသင်ကျောင်းတဝိုက်ကို အောက်တိုဘာ ၂၄ ရက်ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာ ၁ စီးသုံးပြီး ဗုံးသီးကြဲ၊ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မကွေးလေတပ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ စာသင်ကျောင်းတဝိုက်ကို ဗုံးသီး ၂ လုံးကြဲချပြီး စက်လတ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လေယာဉ်နဲ့ ၅ ပတ် ပတ်တယ်၊ ၁ ပတ်ပတ်ပြီးတိုင်း ၁ ခါစက်သေနတ်နဲ့ ၄ ချက်လောက်ပစ်တယ်။ သူတို့ပစ်လိုက်တဲ့လက်နက်ကြီးက စာသင်ကျောင်းဘေးက အိမ်သာဘေးမှာကျတာ။ အဲ့နေ့က KG ကနေ ၇ တန်း ၈ တန်းအထိကလေးတွေ စာမေးပွဲနောက်ဆုံးရက်။ ကလေးတွေက မနက်ပိုင်း စာဖြေပြီးတယ်၊ သူတို့က ညနေပိုင်းလာပစ်တာ ထိခိုက်တာတွေတော့မရှိလိုက်ဘူး။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လေယာဥ်နဲ့မတိုက်ခိုက်ခင် နာရီပိုင်းအလိုမှာလည်း ဆရာ၊ ဆရာမတွေ အစည်းဝေးလုပ်ခဲ့ကြပြီး အစည်း အဝေးပြီးတဲ့အချိန်မှ တိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်မှုမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် အဲ့ဒီစာသင်ကျောင်းမှာ ၁၀ တန်းဖြေဆိုဖို့ ပြင်ဆင်ထားတဲ့အတွက် ဖြေဆိုမယ့်လူဦးရေ ပြည့်ဝအောင် နီးစပ်ရာကျေးရွာတွေကကျောင်းသားတွေကိုလိုက်စုခဲ့ပြီး အခုလိုလူစုရာကနေ သတင်းပေါက်ကြားပြီး ကျောင်းကိုဗုံးကြဲတာဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံက သုံးသပ်ပါတယ်။

အခုပစ်ခတ်ခဲ့တဲ့စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး KG ကနေ Grade12 အထိသင်ကြားနေတဲ့ စာသင်ခန်းပေါင်း ၆ ဆောင်ရှိတယ်လို့ ဆိုပါတယ်။

အခုလိုလေကြောင်းနဲ့ပစ်ခတ်ခံရတာ ပထမအကြိမ်ဖြစ်ပြီး အဲဒီနေ့ ၁ ရက်တည်းမှာပဲ ဇီးပင်ကြီးရွာဘက်ကိုလည်း လေကြောင်းတိုက်ခိုက်သွားခဲ့သေးတယ်လို့ သိရပါတယ်။ 

ပုံစာ - လေကြောင်းတိုက်ခိုက်ချိန် ဗုံးသီးကျခဲ့သည့် နေရာ။

စာတည်း - လင်း 

#မြေလတ်အသံ

#ဆိပ်ဖြူ #ကြားကာလစာသင်ကျောင်း #လေကြောင်းတိုက်ခိုက် #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10