ဆိပ်ဖြူမှာတိုက်ပွဲဖြစ်ပြီး PDF ရဲဘော်တဦးကျဆုံး

ဆိပ်ဖြူမှာတိုက်ပွဲဖြစ်ပြီး PDF ရဲဘော်တဦးကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာကနေ ရှေ့ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇွန် ၁၆ ရက် မနက် ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အင်အား ၂၀ ပါစစ်ကောင်စီတပ်သားတွေဟာ ဆည်ကျေးရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ခဲ့ချိန် ကာကွယ်ရေးရဲဘော်တဦးရဲ့ ခေါင်းကို ကျည်ထိမှန်‌သေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း အနည်းဆုံး ၁၀ ဦး သေဆုံးနိုင်တယ်လို့ ဆိုပါတယ် ။

"ပစ်ခတ်မှုဖြစ်စဉ်မှာ ကျနော်တို့ဘက်က လက်နက်အင်အား ကျည်အင်အားမလုံလောက်မှုကြောင့် ဆုတ်ပေးခဲ့ရတယ်။ ကျ‌ဆုံးရဲဘော်ရဲ့ Body မကောက်နိုင်ခဲ့ဘူး" လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NSP ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ သူတို့အထိုင်စခန်းရှိတဲ့ ထမ္မကောက်ကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်ရဲ့ ရုပ်အလောင်းကို ပြန်မရတာကြောင့် ဇွန် ၁၉ ရက်မှာ‌ တပ်ဖွဲ့စခန်းတွင်း ကျန်ရှိခဲ့တဲ့ သူ့ရဲအဝတ်အစားတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ NSP ရဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

အလားတူ ဇွန် ၁၆ ရက် ညပိုင်းမှာလည်း ဆိပ်ဖြူမြို့ပေါ်ကနေ ကပစ ၂၂ ကိုထွက်လာတဲ့ စစ်ကား ၃ စီးကို ဆယ်မိုင်လမ်းဆုံစစ်ကောင်စီဂိတ်နားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲခဲ့ရာ နောက်ဆုံးကားကို ထိမှန်သွားပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

"**တွေအများဆုံးပါလာတဲ့ နောက်ဆုံးအစီးကိုမိုင်းဆွဲခဲ့တာဗျ။ မိုင်းဆွဲခံရပြီးတော့ **ကားတွေ ဆယ်မိုင်ဂိတ်ထဲကို ပြန်ခေါက်သွားကြပါတယ်။ မိုင်းဆွဲအပြီး **ဘက်က ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်" လို့ အထက်ပါ ရဲဘော်က ဆက်ပြောပါတယ် ။

ဒီတိုက်ခိုက်မှု‌တွေကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ပခုက္ကူခရိုင်အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) NSP တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ 

ပုံစာ - ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #တိုက်ပွဲ #သေဆုံး #ရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10