သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူကားလမ်းပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Yenather Column အဖွဲ့ဆီက သိရပါတယ်။
ဒီမနက် ၁၂ နာရီ ၂၀ မိနစ်လောက်မှာ အင်အား ၈ ဦးနဲ့တပ်စွဲထားတဲ့ အဆိုပါစစ်ဆေးရေးဂိတ်ကို မီတာ ၂၀ လောက်ကနေ ပစ်ခတ်ခဲ့ရာ ဂိတ်မှာရှိနေတဲ့ လစခ ၉ တပ်ရင်းက တပ်သား ၁ ဦးနဲ့ ၃၀၃၆ အမြောက်တပ်က တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“၃ ကောင်ကတော့ ပေါင်မှာ ၁ ချက်ထိတယ်၊ လက်မောင်းမှာ ၁ ချက်ထိတယ်၊ ရင်ဘတ်မှာ ၁ ချက်ထိတယ်၊ ရင်ဘတ်မှာထိတဲ့ ကောင်ကတော့ သေဆုံးနိုင်ခြေများတယ်။” လို့ ဒဏ်ရာရသူတွေနဲ့ ပတ်သက်တဲ့ အခြေအနေကို Yenather Column စစ်ကြောင်းမှူး ဒီမိုက ပြောပါတယ်။
ထိခိုက်သေဆုံးအခြေအနေနဲ့ သေဆုံးအလောင်းတွေကို ဆိုင်ကယ်နဲ့သယ်ပြီး ဆိပ်ဖြူဆေးရုံဆီ ပို့လိုက်ကြောင်းကိုလည်း ဒေသခံတွေရဲ့ပြန်လည်ပြောပြချက်အရ သိရတာလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ဆိပ်ဖြူတမြို့လုံးကို မီးဖြတ်လိုက်ပြီး အဲ့ဒီဂိတ်ကိုလည်း စစ်ကား ၃ စီးရောက်လာကာ ၆၀ မမ ၁ လုံးနဲ့ အနီးဝန်းကျင်ကိုပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Yenather Column၊ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် ၁ ပကဖ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်မှာလည်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းတပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းမှာ ထီးလင်းမြို့ပေါ်ကနေ အင်အား ၉၀ ကျော်နဲ့ထွက်လာတဲ့ စစ်အုပ်စုဟာ ကျားခဲကျေးရွာအရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်တွေမှာ ၁၉ ရက်အထိ ညအိမ်စခန်းချခဲ့ကြပြီး ၂၀ ရက် မနက် ၆ နာရီလောက်မှာတော့ ကာကွယ်ရေးအဖွဲ့တွေ နဲ့ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်နေချိန် ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း Fixed Wings Drone တွေနဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး အဲဒီနောက်နေ့လယ် ၁ နာရီကျော်လောက်မှာ မုံရွာနမခကနေတက်လာတဲ့ Mi 35 ၁ စီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ကို နာရီဝက်ခန့်ပြုလုပ်ခဲ့တဲ့အတွက် ပစ်ခတ်မှုကို ခေတ္တရပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“အပြန်အလှန်ပစ်ခတ်မှုတွေဟာ ကျားခဲ(ရွာ)တောင်ဘက်နဲ့ အရှေ့တောင်ဘက် အရပ်တွေမှာ ဖြစ်တယ်။ သူတို့လာမှာကို ကြိုတင်သတင်းရထားတာမျိုး မရှိဘူး။ ကင်းထောက်တွေဆီကနေ သူတို့ လာပြီဆိုတာကို သိရတာ။ လေကြောင်းတိုက်ခိုက်နေတဲ့အချိန်မှာတော့ ပစ်ခတ်မှုတွေ ခဏနားတယ်။ ကာကွယ်ရေးအဖွဲ့တွေကတော့ ရှောင်တာမရှိဘူး။ စစ်ဆိုင်ထားတဲ့ အနေအထားမှာပဲရှိတယ်။”လို့ YawRevolutuionArmy - ထီးလင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်မနက် ၇ နာရီအထိ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ မြေပြင်ရဲဘော်တွေက အတည်ပြုပြောဆိုပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရှိရသေးဘူးလို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
၂ ရက်တာတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ဒရုန်းဗုံးသီး အလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း (15/16/17) - YRA ထီးလင်းက ဒရုန်းရဲဘော်တွေနဲ့ ယောတပ်တော် (YA) မြေပြင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲကြောင့် ကျားခဲကျေးရွာ၊ သရခါကျေးရွာ၊ အနောက်ဖက်ကျေးရွာ၊ အောင်မြင်ကျေးရွာတို့က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း ထီးလင်းမြို့၊ ထွေအုပ်ရုံး၊ ဗျာဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊ အောင်တော်မူ၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ စာသင်ကျောင်း တို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို YRA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ - ဆော-ဆိပ်ဖြူကားလမ်းပိုင်းမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြူ #ထီးလင်း #တိုက်ပွဲ #ထိခိုက် #သေဆုံး
Share Share Share