ဆိပ်ဖြူမှာ တိုက်ခိုက်ခံလိုက်ရတဲ့စစ်တပ်က အနီးနားကျေးရွာတွေကိုပစ်ခတ်လို့ ဒေသခံ၂ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ထဲမှာ ရိက္ခာတင်ဆောင်လာတဲ့ စစ်တပ်ယာဥ်တန်းကား ၈ စီးအပြင် ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၃၊ ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၆ ရက် မနက် ၉ နာရီခန့်က ဆိပ်ဖြူ-ပေါက် ကားလမ်းမပေါ်က ထမ္မကောက်စစ်တပ်အထိုင်စခန်းနဲ့ တပေါင်းစစ်တပ်အထိုင်စခန်းကြားနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့လည်း ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့ သတင်းတာဝန်ခံရဲဘော် ဟားဟား က ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် မနက် ၁၁ နာရီခန့်မှာ စစ်တပ်အထိုင်စခန်းက လက်နက်ကြီး ၆၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ဖာလုံခန့် အကွာအဝေးမှာရှိတဲ့ ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့သလို ပြည်သူ ၈ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အလားတူ တိုက်ပွဲဖြစ်ပွားရာနဲ့ ၅ ဖာ လုံခန့်အကွာက ဆင်သားမွှေးကျေးရွာ အမကကျောင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးခဲ့ရတယ်လို့ သတင်းတာဝန်ခံ က ဆက်ပြောပါတယ်။

တိုက်ပွဲမှာတော့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း တပ်ခွဲ ၃ ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့ နဲ့ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးတို့က ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ဆိပ်ဖြူ #တိုက်ပွဲ #ဒရုန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10