ဆိပ်ဖြူမှာ ဒေသခံသားအဖ ၂ ဦးကို PDF လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ခဲ့တဲ့ သတင်းနဲ့ ဓါတ်ပုံများထွက်ပေါ်

ဆိပ်ဖြူမှာ ဒေသခံသားအဖ ၂ ဦးကို PDF လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ခဲ့တဲ့ သတင်းနဲ့ ဓါတ်ပုံများထွက်ပေါ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ရွာသာကုန်းရွာမှာ ဒေသခံသားအဖ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက PDF လို့စွပ်စွဲပြီး ဖမ်းဆီးပြီးတဲ့နောက်မှာ သတ်ခဲ့တယ် ဆိုတဲ့ သတင်းနဲ့ဓါတ်ပုံတွေထွက်ပေါ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်က အဲ့ဒီသားအဖ ၂ ဦးဟာ ၂ မိုင်လောက်ကွာဝေးတဲ့ ကုန်းရွာမှာ စပါးသွားကြိတ်ပြီး ပြန်လာချိန်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီးတဲ့နောက် သတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"သူတို့သားအဖက လုံးဝ PDF မဟုတ်ပါဘူး ရွာသားတွေပါပဲ။ အဲ့ဒီနေ့က သူ့အဖေက လှည်းနဲ့ စပါးသွားကြိတ်တယ်။ သူ့သားက ဆိုင်ကယ်နဲ့ သွားပြန်ကြိုပြီး ပြန်လာတဲ့အချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ညောင်နီချောင်းရွာကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်။ ဖမ်းခံရပြီးတော့ အသတ်ခံလိုက်ရပြီလို့ သိရတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီတပ်က သူတို့ သားအဖ ၂ ဦးကို တွေ့ရှိစဉ် ရပ်တန့် စစ်ဆေးဖို့ ပြောဆိုတာကို ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စွပ်စွဲပြီး သေဆုံးခဲ့ဖွယ်ရှိတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။

"PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားတဲ့ သားအဖကို တကယ်သတ်တာလား၊ သတင်းဖြန့်တာလားဆိုတာတော့ ဘယ်သူမှ အတည်မပြုနိုင်ကြဘူး။ အလောင်းတွေလည်း ပြန်မတွေ့ဘူး။ မိသားစုတွေဆီလည်း ပြန်မရောက်သေးဘူး။ အလောင်းက ပြန်မရသေးတော့ သေလားရှင်လားဆိုတာ သေချာမသိရသေးဘူး" ရွာသာကုန်းဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီသားအဖ ၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံလိုက်ရတယ်လို့ ယူဆရပြီး တပတ်ခန့် အကြာ ဒီကနေ့အထိတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကို မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10