ဆိုင်ကလုန်း “ဟမွန်း” ကြောင့် မကွေး၊ စစ်ကိုင်းအပါ မြန်မာနိုင်ငံအနှံ့ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေဖြစ်နိုင်

ဆိုင်ကလုန်း “ဟမွန်း” ကြောင့် မကွေး၊ စစ်ကိုင်းအပါ မြန်မာနိုင်ငံအနှံ့ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေဖြစ်နိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့တောင်ဘက်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON)ဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေတာကြောင့် မြန်မာနိုင်ငံဒေသအလိုက် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့  မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒက အောက်တိုဘာ ၂၅ ရက် ဒီမနက် ၇ နာရီက သတင်းထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အရှိန်ကြောင့် ဒီနေ့မှ မနက်ဖြန် အောက်တိုဘာ ၂၆ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြားနဲ့ နေပြည်တော်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ  ဒေသအလိုက်နေရာကွက်ပြီး  မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း လှိုင်းကြီးပြီး တခါတရံမိုးသက် လေပြင်းကျရောက်နိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့  အသိပေးထားပါတယ်။

အဲဒီ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”ဟာ  အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အနေနဲ့လည်းကောင်း၊ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်ဒေသတွေမှာ  အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအနေဖြင့်လည်းကောင်း အားလျော့သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဘင်္ဂလားဒေ့ရှ် #စစ်တကောင်း #ဆိုင်ကလုန်း #မုန်တိုင်း #ဟမွန်း #ရေကြီးနိုင် #ပင်လယ် #လေတိုက်နှုန်း #မိုးလေဝသသတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10