ဆောနယ်က နွားတွေမှာ သွပ်ရောဂါအဖြစ်များနေလို့ အရောင်းအဝယ်နဲ့ အသားထုတ်လုပ်တာ မလုပ်ဖို့တားမြစ်

ဆောနယ်က နွားတွေမှာ သွပ်ရောဂါအဖြစ်များနေလို့ အရောင်းအဝယ်နဲ့ အသားထုတ်လုပ်တာ မလုပ်ဖို့တားမြစ်

မကွေးတိုင်း၊ ဆောမြို့နယ်ထဲက နွားတွေမှာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ Lumpy Skin Disease(သွပ်ရောဂါ)ဖြစ်ပွားနေလို့ ရောင်းချတာနဲ့ အသားထုတ်လုပ်တာတွေ မပြုလုပ်ဖို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန် တားမြစ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကစကာ ဆောမြို့နယ်အတွင်း ရောဂါစတင်ကူးစက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာ ၂ ရွာက နွားအကောင်ရေ ၃၀၀ လောက်မှာ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

"သွပ်ရောဂါလို့ခေါ်တယ်။ အရေပြားတွေမှာ အဖုအဖိန့်ပေါက်တာပါ။ ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ အသက်အရွယ်မျိုးစုံမှာဖြစ်တာပါ။ သေနှုန်းနည်းလို့ သေဆုံးတာမျိုးတော့မရှိဘူး။ သယ်ဆောင်ခွင့်နဲ့ အသားထုတ်ယူတာကို တလချင်းပိတ်သွားမှာပါ" လို့ ဆောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးတာဝန်ခံ ဒေါက်တာ ချမ်းမြေ့နိုင်က ပြောပါတယ်။ 

ကူးစက်မှုမပြန့်ပွားရေးအတွက် နွားတွေကို ကိုယ်ခံအားကောင်းအောင် အစာကောင်းမွန်စွာစားသောက်စေဖို့နဲ့ ကူးသန်းတာမျိုးတွေမပြုလုပ်ကြဖို့ လိုတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ရောဂါကူးစက်ခံထားရတဲ့နွားတွေကို ကိုယ်ခံအားကောင်းအောင် အားဆေးထိုးပေးတာ၊ အရေပြားဖုတွေကို ပြည်မတည်စေဖို့အတွက် ပိုးသတ်ဆေးထိုးပေးတာတော့ ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာအနေနဲ့ အရေပြားမှာ အဖုပေါက်တာ ခြေဆစ်လက်ဆစ်ရောင်တာအပြင် ပြင်းထန်ပါက သိုတန်(နွားထီးတန်ဆာ)ရောင်တာ တွဲကျတာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က ဆောမြို့နယ်အတွင်း အခုလိုရောဂါမျိုးဖြစ်ပွားတာမျိုးမရှိဘဲ အခုအကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

သွပ်ရောဂါနဲ့ပတ်သက်ပြီး ထုတ်ပြန်အသိပေးစာတွေကို ဆောမြို့နယ်ထဲက တိုက်နယ်၊ အုပ်စု အုပ်ချုပ်ရေးတာဝန်ခံတွေဆီအပြင် မြို့နယ်ပြည့်သူ့လုံခြုံရေးအဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေကိုလည်း ပေးပို့ထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဂန့်ဂေါနဲ့ ပခုက္ကူမြို့နယ်တို့အပြင် မင်းတပ်မြို့နယ်ထဲက နွားတွေမှာလည်း အခုလိုရောဂါမျိုးတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပုံစာ - သွပ်ရောဂါဖြစ်ပွားနေသည့် နွားများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မွေးမြူရေး #နွား #ကျန်းမာရေး #ဗိုင်းရပ်စ် #မကွေးတိုင်း #ဆော #တိမွေးကု #သွပ်ရောဂါ #LunpySkinDisease

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10