ဆောနယ်ကို လေယာဉ်နဲ့ဗုံးထပ်ကြဲ၊ လသားကလေးငယ်အပါအဝင် ၇ ဦးသေဆုံး

ဆောနယ်ကို လေယာဉ်နဲ့ဗုံးထပ်ကြဲ၊ လသားကလေးငယ်အပါအဝင် ၇ ဦးသေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် လူ ၇ ဦးသေဆုံးခဲ့သလို နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောမကျေးရွာကို မေ ၁၄ ရက် မနေ့နေ့လယ် ၃ နာရီခန့်မှာ စစ်ကောင်စီတပ်တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲကာ လူသေဆုံး၊ ဒဏ်ရာရတာနဲ့ နေအိမ်တွေပျက်စီးခဲ့တာလို့ ဆိုပါတယ်။

" ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။အဲဒါကို ဗုံးလာကြဲသွားတယ်။ အိမ် ၂ လုံး မီးလောင်ပြာကျသွားတယ်။ အိမ် ၉ လုံးလည်းပျက်စီးသွားတယ်။ သေဆုံးတာ ၇ ဦးနဲ့ ဒဏ်ရာရတာ ၉ ဦးရှိပါတယ်"လို့ တောမရွာသားတဦးက ပြောပါတယ်။

လေယာဥ်နဲ့ဗုံးကြဲခံရလို့ ဆယ်လသားအရွယ်ကလေးငယ် ၁ ဦး၊ အသက် ၁၂အရွယ် ကလေး ၁ ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၃ ဦး၊ အသက် ၄၀ ခန့် အမျိုးသား ၂ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား/အမျိုးသမီး ၉ ဦးရှိကာ ၂ ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက် မနက် ၁၁ နာရီခန့်မှာလည်း ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာရှိ ဘုန်းကြီးကျောင်းကို လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ လူ ၁၆ ဦး သေ ဆုံးကာ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံစာ - ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်မီးလောင်ပျက်စီးပြီး မီးငြှိမ်းသတ်နေကြစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ဆော #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး #ဒဏ်ရာရ #အရပ်သားပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10