ဆောနယ်ဘုန်းကြီးကျောင်းမှာ ဒေသဖွံ့ဖြိုးရေးအစည်းဝေးလုပ်ချိန် လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁၆ ဦးသေဆုံး၊ ၃၄ ဦးဒဏ်ရာရ

ဆောနယ်ဘုန်းကြီးကျောင်းမှာ ဒေသဖွံ့ဖြိုးရေးအစည်းဝေးလုပ်ချိန် လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁၆ ဦးသေဆုံး၊ ၃၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာရှိ ဘုန်တော်ကြီးကျောင်းဝင်းအတွင်းကို မေ ၉ ရက်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁၆ ဦးသေဆုံးပြီး ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ ဒေသဖွံဖြိုးရေးအတွက် ရွာသူရွာသားတွေ အစည်းအဝေးလုပ်နေချိန် မနက် ၁၁ နာရီခန့်မှာ တံတားဦးလေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၅၀၀ ဗုံးနဲ့ မီးလောင်ဗုံးအပါ ၄ လုံး ကြဲချခဲ့ရာ ၁၆ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

" မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးတာ ၁၃ ဦးတွေ့ရတယ်။ လက်နက်ကြီးကျည်စမှန်ပြီး သေဆုံးတာ ၃ ဦး ရှိတယ်။ ဗုံးစထိမှန်လို့ ဒဏ်ရာရတာက ၃၄ ဦးရှိပါတယ်" လို့ ဆောမြို့နယ်ပအဖ တာဝန်ခံက ပြောပါတယ်။

မီးငြှိမ်းသတ်ပြီး ရှင်းလင်းရေးလုပ်ကိုင်ရာမှာ သေဆုံးသူ စုစုပေါင်း ၁၆ ဦးအနက် ၁၃ ဦးက မီးလောင်ကျွမ်းပြီး သေဆုံးနေကြတာဖြစ်သလို ၃ ဦးမှာလည်း လမ်းပေါ်မှာ ထွက်ပြေးရင်း ဗုံးစထိမှန်ကာ ခန္ဓာကိုယ်တချို့ ပြတ်ထွက်ပြီး သေဆုံးခဲ့တာလို့ ပအဖတာဝန်ခံက အတည်ပြု ဆက်လက်ပြောဆိုပါတယ်။

သေဆုံးသူ ၁၆ ဦးမှာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦး ဖြစ်ပြီး ကလေးသူငယ်တွေ မပါရှိဘူးလို့ သိရပါတယ်။

ဗုံးစထိမှန်ဒဏ်ရာရရှိသူဟာ မေ ၁၁ ရက်မှာ ၁ ဦးထပ်တိုးပြီး အမျိုးသားနဲ့ အမျိုးသမီးစုစုပေါင်း ၃၄ ဦးရှိရာ ဆေးကုသပေးနေကာ စိုးရိမ်ရတဲ့လူနာ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်တာဖြစ်နိုင်သလို မီးလောင်ဗုံးပါ ကြဲချတာဖြစ်နိုင်တယ်လို့ ပအဖ တာဝန်ခံက သုံးသပ်ပြောဆိုထားပါတယ်။

အကြည်ရွာပလွန်းရွာ ကျောင်းထိုင်ဘုန်းတော်ကြီးမှာ သက်တော် ၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘဲ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

လေယာဥ်နဲ့ တိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီး ကျောင်းပင်မအဆောင်အပါ ဆွမ်းစားဆောင်၊ ဇရပ်အဆောင်နဲ့ ကျောင်းတဝန်းလုံးရှိအဆောင်တွေ မီးလောင်ပျက်စီးခဲ့တာအပြင် အနီးရှိနေအိမ်တချို့လည်း ဗုံးစထိမှန် ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဘုန်ကြီးကျောင်းဝန်းအတွင်း ဒေသခံပြည်သူတွေက ဝိုင်းဝန်းသန့်ရှင်းရေး လုပ်ကိုင်ပြီးစီးကာ နေအိမ်တွေလည်း ပြန်လည်ပြုပြင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလမှာ ဆောမြို့နယ်အတွင်း လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်တာ ၁၀ ကြိမ်ထက်မနည်းရှိပြီး အကြည်ရွာပလွန်းကျေးရွာကို ဗုံးကြဲခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - မေ ၉ ရက်က မီးလောင်ကျွမ်းသေဆုံးခဲ့သူများနှင့် မီးလောင်ပျက်စီးခဲ့သည့် အဆောက်အအုံများကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ဆော #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ပြည်သူ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10