ဆောနယ်မှာ ကျောင်းထိုင်ဘုန်းကြီးကားကို စစ်ကောင်စီက မီးရှို့ပြီး အမျိုးသား ၃ ဦးကို ဖမ်းထား

ဆောနယ်မှာ ကျောင်းထိုင်ဘုန်းကြီးကားကို စစ်ကောင်စီက မီးရှို့ပြီး အမျိုးသား ၃ ဦးကို ဖမ်းထား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ တေးကျေးရွာက အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသလို အဲ့ဒီရွာက ကျောင်းထိုင်ဘုန်းကြီးကားကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးလင်းမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ဟာ တေးကျေးရွာထဲကို အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီကျော်လောက်မှာ ဝင်ရောက်လာပြီး အဲ့ဒီရွာက ပြည်သူတွေကို ရွာဘုန်းကြီးကျောင်းထဲကို ခေါ်ပြီး အမည်မသိ အမျိုးသမီးတဦးရဲ့ ပုံကို ပြပြီးလိုက်လံရှာဖွေတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဘုန်းကြီးကျောင်းထိုင်ဆရာတော်ရဲ့ ကားကို ရွာစာသင်ကျောင်းထဲ မောင်းသွားပြီး မီးရှို့ဖျက်ဆီးလိုက်သလို သင်္ကန်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆောဒေသခံတဦး ကဆိုပါတယ်။

“ဖမ်းခံရတာက ချင်းတိုင်းရင်းသား ၂ ယောက်နဲ့ တေးရွာသား ၂ ယောက်ပါ။ ဘာလို့တဦးကိုပဲ ပြန်လွှတ်လဲဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး။ ပြန်လွှတ်ပေးလိုက်တဲ့ သူကိုရိုက်နှက်ထား တာမျိုးတွေ မရှိပေမဲ့လည်း မျက်စိကိုတော့ အဝတ်နဲ့ စည်းပြီးပြန်လွှတ်ခဲ့တယ်” လို့ ဒေသခံကပြောပါတယ်။

တေးကျေးရွာထဲမှာ တညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက် ည ၁၁ နာရီကျော်လောက်မှာတော့ ရွာက အမျိုးသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတဝက်အရောက်မှာ ၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လွတ်လာတဲ့ ပြည်သူဟာ တေးရွာသား ၁ ဦးဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ နာမည်နဲ့ အသက်အရွယ်ကို မေးမြန်းခဲ့ပေမဲ့လည်း လုံခြုံရေးအရပြောပြလို့မရဘူးလို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အဲ့ဒီစစ်ကြောင်းဟာ ပန်းဆန်ကျေးရွာမှာ စခန်းချထားတဲ့အတွက် တေးကျေးရွာနဲ့ အခြားနီးစပ်ရာကျေးရွာက ပြည်သူတွေဟာ ရွာထဲကိုဝင်ရောက်နေထိုင်ကြခြင်း မရှိသေးဘူးလို့လည်းသိရပါတယ်။

“တေးရွာ နဲ့ ပန်းဆန်နဲ့က အရမ်းနီးနေတော့ ရွာသားအများစုကတော့ အဆင်ပြေတဲ့နေရာတွေမှာ ရှောင်တိမ်းနေကြဆဲပါ ။ ကျောက်ထုတပ်ကနေလည်း Faw ကားတစီး နဲ့ စစ် **တွေတင်ပြီး ပန်းဆန်ရွာကစစ်ကြောင်းကို အင်အားထပ်ဖြည့်ထားပါတယ်” လို့ ဒေသခံက ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း မိအယ်ရွာက အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီအမျိုးသား ၃ ဦးကတော့ အခုချိန်မှာ နေအိမ်ကို ပြန်ရောက်လာပြီလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #မီးရှို့ခံရ #ဘာသာရေး #ဒေသခံ #စစ်ကောင်စီ #မကွေး #ဂန့်ဂေါ #ဆော

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10