ဆောနယ်မှာ လေပြင်းတိုက်လို့ ဘုန်ကြီးကျောင်း၊စာသင်ကျောင်းနဲ့ နေအိမ် ၁၂ လုံး ပျက်စီး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကြခတ်ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေမှာ မေလ ၉ ရက်နေ့လယ် ၃ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အချိန် ၂ နာရီကျော်ကြာ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းတာကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေရဲခေါင်မိုးတွေ အမိုးလန်ပျက်စီးသွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"နေ့ခင်း ၃ နာရီလောက်ကနေ ညနေ ၅ နာရီခွဲလောက်ထိ လေရောမိုးရောချတာ။ အိမ် ၁၀ လုံးကျော် ပျက်စီးတယ်။ ဘုန်းကြီးကျောင်းအဆောင်သစ်နဲ့ အိမ်သာလည်းပျက်စီးတယ်။ တချို့အိမ်ဆို အိမ်ခေါင်မိုး လိုက်ပြုတ်ထွက်သွားတာ။ သစ်ပင်တွေလည်းကျိုးတယ်" လို့ ကျေးရွာသားတဦးက ပြောပါတယ်။
ဒါ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ရွာခံ အသက်ကြီးပိုင်း အမျိုးသမီးတဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
"လေပွေတောင်ပါမယ်လို့ ကျမထင်တယ်။ အကုန်လှန်ချလိုက်သလိုပါဘဲ။ စာသင်ကျောင်းရုံးခန်းနဲ့ ကျောင်းဆောင်အမိုးတွေ လိုင်းခန်းတွေပါပျက်စီးတာ။ အိမ်သာတွေဆိုအလုံးလိုက်လဲကျသွားတယ်" လို့ CDM ကျောင်းဆရာမတဦးက ပြောပါတယ်။
ပျက်စီးမှုတွေကို ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့လာရောက်ကူညီတာမျိုးမရှိသေးဘဲ ပြည်လည်ပြင်ဆင်တာတွေကိုတော့ ဒေသခံတွေကဘဲ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
Share
Share
Share