ဆောနယ်မှာ လေယာဥ်ဗုံးကြဲခံရလို့ လူသေဆုံးမှုရှိပြီး ဘုန်းကြီးတပါးပျောက်နေ

ဆောနယ်မှာ လေယာဥ်ဗုံးကြဲခံရလို့ လူသေဆုံးမှုရှိပြီး ဘုန်းကြီးတပါးပျောက်နေ

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီတပ်က ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်းနဲ့လာရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တံတာဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ မေ ၉ ရက် ဒီနေ့မနက် ၁၀ နာရီနဲ့ ၁၁ နာရီဝန်းကျင်လောက်မှာ အကြည်ပန်းပလွန်းရွာထဲက ဘုန်းကြီးကျောင်းကို ဗုံးကြဲချသွားသလို လေယာဉ်ပစ် စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို သေဆုံးသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“အထိအခိုက်ကတော့ အရမ်းများပါတယ်။ ရွာသားတွေကို ဆွဲထုတ်နေတုန်းပဲ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း လိုက်ပြီးကယ်နေတုန်း။ ကျောင်းထိုင်ဘုန်းကြီးလည်း လောလောဆယ်ဆယ်ပျောက်နေတယ်။ ကျနော်တို့ အခုလိုက်ရှာနေတယ်။ သူတို့က ဘုန်းကြီးကျောင်းကိုအဓိကထားပြီး ပစ်သွားတာ ” လို့ ယောဒေသခံတဦးက ပြောပါတယ်။

အခုလိုလေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းတချို့ မီးလောင်ပျက်စီးသွားပေမဲ့လည်း နေအိမ်တွေကတော့ ထိခိုက်ပျက်စီးတာမျိုးမရှိဘူးလို့လည်း ဆိုပါတယ်။ ယခင်က ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးရှိပေမဲ့လည်း အခုလို လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာတော့ ပထမအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်မှာလည်း ကျောက်ထု ၃၆၈ အမြောက်တပ်ကနေ အကြည်ပန်းပလွန်းရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်နိုင်ခြေရှိတဲ့အတွက် ကျေးရွာထဲက ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။

မကြာခဏဆိုသလို ကျောက်ထုအမြောက်တပ်ကနေ နီးစပ်ရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိသလို၊ နေအိမ်ပျက်စီတာတွေလည်း များစွာရှိတယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သုံး SU-30 SME အမျိုးအစား ဂျက်ဖိုက်တာ။ (ဓါတ်ပုံ - အင်တာနက်)

စာတည်း - ဇို

#မြေလတ်အသံ

#လေကြောင်းတိုက်ခိုက်မှုသတင်း #သတင်း #ဆောသတင်း #လေကြောင်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10