ဆောမြို့ပေါ်မှာ တိုက်ပွဲဖြစ်၊ ပြည်သူ ၁ ဦး ကျည်ထိမှန်

ဆောမြို့ပေါ်မှာ တိုက်ပွဲဖြစ်၊ ပြည်သူ ၁ ဦး ကျည်ထိမှန်

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း ဆီက သိရပါတယ်။

စက်တင်ဘာလ ၅ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဆောမြို့ ပေါ်မှာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာ ဖြစ်ပွားချိန် အိမ်အပြင်ဘက်ရောက်နေတဲ့ အသက် ၄၀ ကျော် အရွယ် အမျိုးသားတဦးရဲ့ ခြေထောက်ကို ကျဉ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ 

“ညဘက်လည်းဖြစ်တော့ သူတို့ (စစ်ကောင်စီ)က ပြည်သူ၊ ရန်သူ မခွဲခြားဘူး အကုန်ပစ်တာ။ အဲ့ဦးလေးက ဒဏ်ရာတော်တော်ပြင်းတယ်။ ကျနော်တို့ကြားရသလောက်ဆို သူ့ခြေထောက်က ဖြတ်ရမယ်လို့တော့ကြား တယ်။”လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

စက်တင်ဘာလ ၆ ရက် မနက်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီဘက်က ပစ်ခတ်ထားတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။ 

“ညတုန်းကလည်း တညလုံးမိုးတွေရွာနေတာဆိုတော့ ဘာမှလုပ်လို့မရဘူး။ မိုးလင်းမှဘဲရှာရတာ လောလောဆယ် ၃ လုံးတော့တွေ့ပြီး အခြားနေရာတွေဘက်တော့ ရှာနေဆဲဘဲ” လို့ သူကဆက်ပြော ပါတယ်။

ဆောမြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း သေနတ်သံ၊ လက်နက်ကြီးသံတွေ ကြားခဲ့ပါက မြို့တွင်းဖြတ်သန်းသွားလာခြင်း မပြုလုပ်ဘဲ ဗုံးခိုကျင်းအတွင်းမှာ နေထိုင်ကြဖို့နဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို မကိုင်ဆောင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပြောဆိုခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဆောမြို့  #ဒေသကာကွယ်ရေးတပ် #စစ်ကောင်စီတပ် #ဂန့်ဂေါခရိုင် #ပြည်သူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10