ဆေးလွယ်အိတ်နဲ့ အသုံးအဆောင်ပစ္စည်းများ အညာပစ်တိုင်းထောင်က ထောက်ပံ့

ဆေးလွယ်အိတ်နဲ့ အသုံးအဆောင်ပစ္စည်းများ အညာပစ်တိုင်းထောင်က ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ကို ဆေးမျိုးစုံပါလွယ်အိတ်နဲ့ မီးဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

"အညာပစ်တိုင်းထောင်လေးများအဖွဲ့" က " ဒို့အညာတော်လှန်ရေးတပ်ဖွဲ့" အတွက် အရေးပေါ်လိုအပ်နေတဲ့ (Emergency Bag) ဆေးမျိုးစုံပါလွယ်အိတ် ၂ လုံးအား မတ် ၂၄ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"တပ်ဖွဲ့က လာရောက်အကူအညီတောင်းတဲ့အတွက် ကူညီပေးဖြစ်တာပါ။ ရှေ့တန်းမှာ လိုအပ်တဲ့ ဆေးဝါးမျိုးစုံ ပါတယ်" လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေ ကပြောပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်မှာ လိုအပ်နေတဲ့ ဆေးလွယ်အိတ် (Emergency Bag) တခုနဲ့ နောက်တန်းက တပ်ဖွဲ့မှာ အသုံးပြုဖို့ ဆေးမျိုးစုံပါတဲ့ လွယ်အိတ်တခု၊ စုစုပေါင်း ဆေးလွယ်အိတ် ၂ ခုကို ငွေ ၅၈၀,၀၀၀ ကျပ် ကုန်ကျကာ ထောက်ပံ့ပေးခဲ့တာလို့ သူမက ဆက်ပြောပါတယ်။

အလားတူ မတ် ၂၄ ရက်ကလည်း အလှူရှင်နှစ်ဦးကိုယ်စား ဆားလင်းကြီးမြို့နယ် စစ်ရှောင်စခန်း ၅ ခုက ပြည်သူ ၆၀၀ ကျော်အတွက်လည်း နေ့လယ်စာအဖြစ် ထမင်းတနပ်ကို ကူညီကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၂၃ ရက်ကလည်း ပုလဲမြို့နယ် ကျေးရွာ ၄ ရွာက မီးဘေးသင့် နေအိမ် ၈၇ အိမ်အတွက် မီးဖိုချောင်သုံးပစ္စည်းများ၊ ဆန်၊ ဆီ၊ ခြုံစောင်များကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မီးဘေးသင့် အိမ်ထောင်စုတစုကို ကျပ် ၇၀,၀၀၀ ကျော်နှုန်းဖြင့် အိမ်ထောင်စု ၈၇ စုအတွက် လမ်းခရီးစရိတ် မပါဘဲ ငွေကျပ် ၆၁ သိန်းကျော်ဖိုး ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

"မီးဘေးသင့်ပြည်သူတွေက မြို့ပေါ်နဲ့ ပျူရွာက စစ်**တွေစစ်ကြောင်းထိုးနေလို့ နေရပ် မပြန်နိုင်တာတွေပါ။ တောင်ယာလည်း မလုပ်နိုင်ကြဘူး။ အခက်အခဲတွေက အများကြီးကြုံနေရတယ် " လို့ မဖူးပွင့်ဝေက ပြောပါတယ်။

ပုလဲနယ် မီးဘေးသင့်ပြည်သူတွေအနေဖြင့် အလုပ်အကိုင် အတည်တကျမရှိသေးဘဲ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေရပြီး စားဝတ်နေရေးနဲ့ကျန်းမာရေးအတွက်လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီပုလဲနယ်က မီးဘေးသင့်ပြည်သူတွေကို ကူညီရာမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဦးဆောင်ပြီး ပြည်ပရောက် WAC- Western Chindwin Association အဖွဲ့နဲ့ပူးပေါင်းကာထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မတ်လ ၂၃၊ ၂၄ ရက်က ထောက်ပံ့၊ ကျွေးမွေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #ပုလဲ #တော်လှန်ရေးတပ်ဖွဲ့  #မီးဘေးသင့်ပြည်သူ #ကူညီထောက်ပံ့ #အညာပစ်တိုင်းထောင်  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10