ဆွာမြို့နယ်မှာ စစ်တပ်က နေအိမ်နဲ့ ကြံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီး

ဆွာမြို့နယ်မှာ စစ်တပ်က နေအိမ်နဲ့ ကြံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ ရေတာရှည်မြိုနယ်၊ ဆွာမြို့အရှေ့ဘက်က ကျေးရွာတရွာကို ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်နဲ့ ကြံစိုက်ခင်းတွေကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံရွာသားတဦးဆီက သိရပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်းဘေး ဆွာမြို့မှ  ၅ မိုင်အကွာက ရွှေကစောင်းကျေးရွာအုပ်စု၊ သဖန်းဇင်ရွာကို မနက် ၈ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ကျော်က အကြောင်းမဲ့ မီးရှို့ခဲ့လို့ နေအိမ် ၇ လုံးနဲ့ ကြံစိုက်ခင်း ၉ ဧကခန့် ဆုံရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲလည်း မဖြစ်ဘဲ မီးရှို့သွားတာ။ PDF အားပေးထောက်ခံသူလို့ ယူဆထားတဲ့အိမ်တွေကို ရွေးရှို့တာပါ။ အိမ်ရော ကြံခင်းတွေပါ ရှို့သွားတယ်" လို့ သဖန်းဇင်ရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်က မီးရှို့သွားတဲ့ ကြံစိုက်ခင်းတွေဟာ ကြံခုတ်ချိန်ဖြစ်လို့ စက်ရုံသွားပို့ရင် ဝင်ငွေရမယ့်အခြေအနေမှာ အခုလို ကြံစိုက်ခင်း ၉ ဧကပါ ဆုံးရှုံးခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ သဖန်းဇင်ရွာကို ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလလယ်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့တိုက်ခိုက်နေလို့ ရွာသားတွေစစ်ရှောင်နေရတာဖြစ်ပြီး ဇန်နဝါရီလအတွင်းမှာလည်း နေ့စဥ်လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။

ဆွာမြို့ပေါ်ရှိ ခလရ ၈၄ တပ်ရင်း၊ ခလရ ၁၉ တပ်ရင်းနဲ့ အမြောက်တပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သဖန်းဇင်ရွာရှိ နေအိမ်တချို့အား မီးရှို့နေချိန် ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်းနဲ့ ၃၅၀၁ တပ်ခွဲ ၄ တို့က နာရီဝက်ခန့် ဝိုင်း၀န်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှာ ရွှေကဇောင်းကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ပုံစာ - ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ နေအိမ်တချို့ကို စစ်တပ်က မီးရှို့ဖျက်စီးခဲ့စဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည် #ဆွာ #စစ်ကောင်စီ #မီးရှို့ #ကြံစိုက်ခင်းဆုံရှုံး #လက်နက်ကြီး #တိုက်ပွဲဖြစ်ပွား #PDF #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10