ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကို သတ်ဖြတ်တယ်လို့ သံသယရှိတဲ့ ပေါင်းတည်ရဲတပ်ဖွဲ့ဝင်မိသားစုကို ဖမ်းဆီးစစ်ဆေး

ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကို သတ်ဖြတ်တယ်လို့ သံသယရှိတဲ့ ပေါင်းတည်ရဲတပ်ဖွဲ့ဝင်မိသားစုကို ဖမ်းဆီးစစ်ဆေး

ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ် ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ပေါင်းတည် မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အောက်တိုဘာ ၁၆ ရက်မှာ ရန်ကုန်တိုင်း ဒုစရိုက်နိမ်နင်းရေးအဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။

ဇဗ္ဗူရာဇ်ရွှေဆိုင်က အသက် ၄၀ နှစ်ဝန်းကျင် ကိုမင်းဇော်ဦးကို အောက်တိုဘာ ၈ ရက် ည ၇ နာရီခွဲ ဝန်းကျင် ဆိုင်သိမ်းအပြန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး အလောင်းကို အောက်တိုဘာ ၉ ရက်မှာ အမြန်လမ်း ဇီးရိုးမိုင်မှာ စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အခုဖမ်းဆီးခံရသူတွေဟာ ပေါင်းတည်မြို့မရဲစခန်းက နယ်ထိန်းတာဝန်ခံ နေမျိုးအောင်နဲ့ မယားညီကိုတော်စပ်သူ ဘိုချဲ၊ မရွှေစင် (နယ်ထိန်း မိန်းမအစ်မ)၊ ယောက္ခမတော်စပ်သူ ကိုချစ်ကို၊ ကိုဝိုင်းချစ်၊ ကိုခိုင်ကိုကိုမောင်နဲ့ သဲကုန်းမြို့နယ်က အမျိုးသား ၂  ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကား ၆ စီးနဲ့လာပြီး အိမ်မှာလာဖမ်းသွားတာ။ ပါးတွေနားတွေရိုက်ပြီး ဖမ်းသွားတာ။ သတ်တယ်လို့ သံသယရှိသူရော၊ ပစ္စည်းထုခွဲရောင်းချသူရော ဖမ်းသွားတာ။ ကိုယ်တိုင်ပါဝင်တာ ဘယ်သူဆိုတာတော့ မသိရဘူး” လို့ ဖမ်းဆီးသွားတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ချိန်မှာ ရဲအုပ်၊ တပ်ကြပ်နဲ့ ဒုတပ်ကြပ်အဆင့် ရဲယူနီဖောင်းတွေ ဝတ်ဆင်ပြီး စစ်ဆေးစရာရှိလို့ဆိုကာ ရွှေဆိုင်ပိုင်ရှင် ကိုမင်းဇော်ဦးကို  လက်ထိပ်က နောက်ပြန်ခတ်၊ ပါးစပ်ကို တိတ်ပတ်ဖမ်းသွားပြီးမှ လည်လှီးသတ်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပြစ်မှုကျူးလွန်သူတွေဆီကနေ ရွှေ ၁ ပိသာကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ရွှေထည်ပစ္စည်းတချို့ကို ပေါင်းတည်အပါအဝင် အနီးဝန်းကျင်က နတ်တလင်းမြို့၊ ဇီးကုန်းမြို့နဲ့ ကြို့ပင်ကောက်မြို့တွေမှာလည်း ရောင်းချခဲ့လို့ ရဲကလိုက်လံသိမ်းဆည်းခဲ့ရတယ်လို့ ဆိုပါတယ်။ 

စွပ်စွဲခံရသူတွေဟာ ရန်ကုန်ကိုသွားဖို့ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ကနေ အိမ်စီးကားတစီးကို ဌားရမ်းသွားတာဖြစ်ပြီး ပြစ်မှုကျူးလွန်ချိန်မှာ ကားမောင်းသူကို ရန်ကုန်မြို့တနေရာမှာ ထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီမိသားစုဟာ နယ်ထိန်းတာဝန်ခံ နေမျိုးအောင် အရှိန်ကိုသုံးကာ ဒုစရိုက်မှုမျိုးစုံကို စစ်ကောင်စီနဲ့ပေါင်းပြီး ပြုလုပ်နေတာလို့ ဆိုပါတယ်။

 အဲဒီ မိသားစုက နယ်ထိန်းအင်ချပ် မိသားစုဆိုတော့ ရပ်ကွက်ထဲထင်တိုင်းကြဲနေတာ။ လောင်းကစားဝိုင်းတွေ လုပ်တယ်။ တရားမဝင်ကျွန်းသစ်ခိုးယူတာပါ မကျန်ဘူးလုပ်နေတာ။ အဲ့အိမ်ကို စစ်သားတွေ၊ ရဲတွေလည်း အဝင်အထွက်လုပ်ကြတယ်။ သေနတ်တွေတောင် ဝယ်ထားတယ်လို့ သတင်းထွက်နေတာ။ သိမ်းသွားလားတော့ မသိဘူး” လို့ နောက်ထပ် ပေါင်းတည်မြို့ခံတဦး ပြောပါတယ်။

ကားမောင်းသူဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခြင်းမရှိပေမယ့် လက်ရှိမှာ ကားမောင်းသူကိုလည်း ဖမ်းဆီးထား တယ်လို့သိရပြီး လူသတ်လုယက်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းက ရဲအုပ်အဆင့်တဦးလည်း ပါဝင် ပတ်သက်နေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် မြေလတ်အသံကတော့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ပုံစာ - ‌အလောင်းစွန့်ပစ်ခဲ့တဲ့နေရာကို လာရောက်စစ်ဆေးနေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရန်ကုန်တိုင်း #ကြည့်မြင့်တိုင် #ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် #ပေါင်းတည်  #ပဲခူးတိုင်း #ရဲတပ်ဖွဲ့ဝင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10