ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ပစ္စည်းလုယက်ခဲ့သူတွေကို သေဒဏ်နဲ့ထောင်ဒဏ်တွေချမှတ်

ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ပစ္စည်းလုယက်ခဲ့သူတွေကို သေဒဏ်နဲ့ထောင်ဒဏ်တွေချမှတ်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်နဲ့ငွေတွေလုယူကာ အလောင်း စွန့်ပစ်ခဲ့သူတွေကို အလုံခရိုင်တရားရုံးက ဇူလိုင် ၃၀ ရက်မှာ သေဒဏ်နဲ့ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ ပေါင်းတည်မြိုခံတွေဆီက သိရပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ အုတ်ဖို ၂ ရပ်ကွက်အတွင်းလမ်းမှာနေထိုင်ကြတဲ့ ဖိုးသားလေး (ခ) ဝိုင်းချစ်ကိုကို၊ ခိုင်ကိုမောင်နဲ့ ဘုရားငါးဆူရွာနေ ကိုဖြိုး‌‌တို့ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်၊ ရာဇသတ်ကြီးပုဒ်မ ၁၇ဝ အရ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ပြီး၊ တရားခံ အသေးလေး (ခ) အောင်ဇေယျာပိုင်၊ မရွှေစင်(ခ)ရွှေစင်ရွှေနဲ့ ဗိုလ်ချဲ(ခ)ကျော်သူဝင်းတို့ ၃ ဦးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၄၁၁ အရ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အမိန့်ချတဲ့နေ့က မိသားစုတွေလိုက်သွားကြတယ်။ ရပ်ကွက်ထဲမှာတော့ အဲ့ဒီမိသားစုတွေ မျက်နှာတွေက ပြောင်ပြောင်ပဲ။ အိမ်ထဲ ကြိတ်ငိုနေရင်တော့ မပြောတတ်ဘူး၊ ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲ။“ လို့ အမိန့်ချခံရသူတွေရဲ့ မိသားစုနဲ့နီးစပ်သူ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။

အဲ့ဒီ ၆ ဦးထဲက ဖိုးသားလေး၊ ခိုင်ကိုမောင်၊ အသေးလေးနဲ့ ရွှေစင်တို့ ၄ ဦးဟာ မောင်နှမအရင်းတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သူတို့ ၄ ဦးကို ရန်ကုန်တိုင်း ဒုစရိုက်နိမ်နင်းရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက်က သူတို့နေအိမ်မှာလာရောက် ဖမ်းဆီးကာ လုယူလာပြီးရောင်းချထားတဲ့ရွှေတွေကို ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။   

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက်ညပိုင်းမှာ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ လဟာပြင်ညဈေးရှိ ဇမ္ဗူရစ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို ရေတွင်းကုန်း ၂ လမ်းသွယ်ထိပ်အရောက်မှာ ရဲယူနီဖောင်းဝတ်ဆင်ထားသူ ၃ ဦးက ဦးမင်းဇော်ဦးရဲ့ခေါင်းကိုရိုက်နှက်ဖမ်းဆီးပြီး ကားနဲ့ခေါ်သွားကာ ရွှေထည် ၁ ပိဿာခန့်နဲ့ ငွေကျပ်သိန်း ၅၀ ကိုပါ လုယူသွားခံခဲ့ရတာပါ။ 

အဲ့ဒီနောက် အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ ရန်ကုန်-ပဲခူးကားလမ်းဘေး၊ အမြန်လမ်း ဇီးရိုးမိုင်အနီးမှာ ဦးမင်းဇော်ဦးရဲ့အလောင်းကို လက်ထိပ်နောက်ပြန်ခတ်ပြီး ပါးစပ်မှာတိပ်ပတ် အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှာအမှုဖွင့်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်က  အလုံခရိုင်တရားရုံးမှာ တရားစွဲ လက်ခံစစ်ဆေးခဲ့တာလို့လည်း သိရပါတယ်။ 

ပုံစာ - အသတ်ခံရသူ ဦးမင်းဇော်ဦး၏အလောင်းအား သွားရောက်စစ်ဆေးသယ်ယူနေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပေါင်းတည် #ဇမ္ဗူရစ်ရွှေဆိုင် #လူသတ် #ပစ္စည်းလု #မှုခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10