ဇီးကုန်း-မလည်လမ်းဆုံမှာ စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ နေအိမ် ၂၀ ဝန်းကျင်ပျက်စီး

ဇီးကုန်း-မလည်လမ်းဆုံမှာ စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ နေအိမ် ၂၀ ဝန်းကျင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ် ဇီးကုန်း-မလည်လမ်းဆုံရှိ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက ၂ ရက်ဆက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ ဝန်းကျင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

ယမနေရွာကပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၅၀ ဝန်းကျင်က ဒီဇင်ဘာ ၃၁ ရက်ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ တကြိမ်၊ ဇန်နဝါရီ ၁ ရက်နေ့လယ် ၂ နာရီခွဲလောက်မှာတကြိမ် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“မနက်ခင်းဆို သူတို့လာတယ်။ ညနေခင်းဆိုရင် သူတို့ပြန်တယ်။ သူတို့က ပြည်သူပိုင်ပစ္စည်းတွေ အကုန်ယူတယ်၊ အကုန်လုံးအိမ်တွေလည်း ဖောက်ယူတယ်။ အိမ်တွေမီးရှို့တယ်။ အဲဒီလမ်းပေါ်က နေသွားလာနေတဲ့ကားတွေကိုလည်း တားပြီးတော့ ငွေတောင်းတယ်။ မကောင်းတဲ့လုပ်ငန်းမှန်သမျှ အကုန်လုပ်ပြီး ညနေစောင်းဆိုပြန်တယ်။” လို့ ကန့်ဘလူနယ်ခံတဦးက ပြောပါတယ်။

ယမနေရွာနဲ့ မိုင်ဝက်အကွာမှာရှိတဲ့ ဇီးကုန်း-မလည်လမ်းဆုံမှာ နေအိမ် ၃၀ ဝန်းကျင်သာရှိပြီး စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေလုပ်ခဲ့ဖူးပေမယ့် မီးရှို့ခံရတာကတော့ ဒီတခေါက်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အဲ့လိုပဲ။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးမှုမရှိခင်ကာလတုန်းကတော့ လာပြီးအနိုင်ကျင့်တာမျိုးရှိတယ်။ ဟိုဖမ်းဒီဖမ်းပေါ့။ အိမ်တွေဖျက်ဆီးတာမျိုးလုပ်တယ်။ နောက်ပိုင်းမှာ ၁ နှစ်ခွဲလောက် သူတို့မလာဘဲနဲ့ အခုမှပြန်လာတာ။ အဲဒီလမ်းပိုင်းမှာနေတဲ့သူတွေက ဟိုနေရာပြောင်းလာ ဒီနေရာပြောင်းလာ အစုအဖွဲ့နေပြီးတော့ ဆိုင်လေးတွေဖွင့်ပြီး အဲ့လိုလေး နေကြတာ။” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၂ ရက် မနေ့ကနေ့လယ် ၂ နာရီကျော်လောက်မှာလည်း အဲ့ဒီလမ်းဆုံအနီးမှာ နေအိမ်တွေကို မီးရှို့တဲ့စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် စစ်ကောင်စီအဖွဲ့ဟာ ယမနေကျေးရွာထဲကိုပြန်ဆုတ်ခွာသွားပြီး ဒီနေ့မနက်ပိုင်းအထိ အဲ့ဒီရွာထဲမှာပဲ တပ်စွဲနေထိုင်နေကြသေးတယ်လို့ ဒေသခံတဦးကပြောပါတယ်။  

နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ တိုက်ပွဲတွေကြောင့် ဇီးကုန်း-မလည်လမ်းဆုံမှာနေထိုင်တဲ့ ပြည်သူတွေနဲ့ လမ်းဆုံအနီးမှာရှိတဲ့ကြောက်ဆည်ကန်ရွာကဒေသခံတွေလည်း ထွက်ပြေးရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်တပ် #ပျူစောထီး #နေအိမ်မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10