ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ PDF ထံ အလင်းဝင်

ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ PDF ထံ အလင်းဝင်

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သားတဦးဟာ လက်နက်၊ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK အဖွဲ့က စက်တင်ဘာလ ၁၃ ရက် ဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

CDM ပြုလုပ်အလင်းဝင်ရောက်လာသူဟာ ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သား ဇင်ထက်အောင် ဖြစ်ပြီး ညီဖြစ်သူ PDF ရဲဘော်နဲ့ ချိတ်ဆက် CDM ပြု လုပ်နိုင်ခဲ့တာဖြစ်ကာ ဇနီးသည်နဲ့အတူ စက်တင်ဘာလ ၅ ရက်က အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

"အာဏာရှင်မှန်းသိနေလျက်နဲ့ အမှားကိုမှားမှန်းသိလျှက်နဲ့  ဆက်မှားနေမယ်ဆိုရင် ကိုယ့်လုပ်ရပ်နဲ့ကိုယ့်သမိုင်းဖြစ်ပြီး မှားမှန်းသိပြီး CDM လုပ်လာရင်တော့ကြိုဆိုသွားမှာပါ” လို့ YOMA GBK တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီရဲတပ်သားဟာ BA 64 စက်သေနတ်ကလေး (G 4) ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ  ၁၂ဝ တောင့်ကျော်နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး လက်နက်ခဲယမ်းတွေယူဆောင်နိုင်ခဲ့တဲ့အတွက် လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ကျပ် သိန်း ၃၀ ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

အလင်းဝင် CDM ရဲဇနီးမောင်နှံကို လုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီး ၎င်းတို့ဆန္ဒအတိုင်း အလုပ်လုပ်ကိုင်လိုပါကလည်း အလုပ်လုပ်နိုင်မယ့်နေရာကို ပို့ဆောင်ကူညီပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ထုံးဘိုနယ်မြေရဲစခန်းက ရဲမေတဦးဟာ ၎င်းကိုင်ဆောင်တဲ့ MA 13(အူဇီ) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့  ၉ မမ ကျည် ၁၀၀ တောင့်ဝန်းကျင် ယူဆောင်ထွက်ပြေးမှုဖြစ်ခဲ့ပါသေးတယ်။

ဓါတ်ပုံ - အလင်းဝင်ရဲတပ်သားနဲ့အတူ ယူဆောင်လာတဲ့သေနတ်နဲ့ ကျည်များ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ရဲတပ်သား #အလင်းဝင် #CDM #လက်နက်ခဲယမ်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10