ဇီးကုန်းမှာ စစ်မှုထမ်းကြေးဆိုကာ စစ်ကောင်စီက အဓမ္မပိုက်ဆံတောင်းနေ

ဇီးကုန်းမှာ စစ်မှုထမ်းကြေးဆိုကာ စစ်ကောင်စီက အဓမ္မပိုက်ဆံတောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းကြေးဆိုကာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကတဆင့် ငွေကြေးတောင်းခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇီးကုန်းမြို့က မြို့လယ်သံဓမ္မာရုံ(သံဓမ္မာရုံ)မှာ ဩဂုတ် ၂ ရက်က  စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့မိမြို့ဖဆိုသူတွေကို အစည်းအဝေးခေါ်အပြီးမှာ အခုလိုငွေကြေးစတင်ကောက်ခံနေတာလို့ ပြောပါတယ်။

အဲဒီလို ကောက်ခံရာ ရပ်ကွက်နဲ့ ကျေးရွာအလိုက် နှုန်းထားသတ်မှတ်ထားခြင်းမရှိဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ သတ်မှတ်နှုန်းအတိုင်း ပေးရတာလို့ ဆိုပါတယ်။

“စစ်**အုပ်စုက သူ့လူတွေနဲ့ပဲ အစည်းဝေးလုပ်တာ ပြည်သူမပါဘူး။ အစည်းအဝေးလုပ်ပြီး ဩဂုတ် ၂ ရက်က တည်းက လိုက်ကောက်တာ။ အခုအချိန်(ဩဂုတ် ၁၂)ထိ ကောက်နေတုန်းပဲ။ တအိမ်ထောင် ငါးသောင်း၊ သုံးသောင်း၊ တသောင်းဆိုပြီး ကောက်နေတာ “ လို့ စစ်မှုထမ်းကြေး ကျပ်သုံးသောင်းပေးလိုက်ရတဲ့ ဇီးကုန်းမြို့ ခံတဦးက ပြောပါတယ်။

စစ်မှုထမ်းကြေးတောင်းခံရာမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပြင် စစ်သားတွေနဲ့ လာ‌ရောက်တောင်းခံတာဖြစ်ပြီး  ချက်ချင်းမပေးနိုင်တဲ့သူတွေကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မကြာခဏလာရောက်တောင်းခံတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ ဇီးကုန်းမြို့နယ် ကူဖြူကျေးရွာအုပ်စုမှ ရွာခံတဦးကလည်း “ရှိတာ မရှိတာ နားမလည်ဘူး အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီးလာ‌တောင်းလို့ သုံးသောင်းပေးလိုက်ရတယ်” လို့ ပြောပါတယ်။

ဇီးကုန်းမြို့နယ်က ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၂၉ စုမှာ စစ်မှုထမ်းကြေးကောက်ခံနေတာဖြစ်ပေမယ့် မပေးနိုင်လို့ ဖမ်းဆီးတာမျိုးတော့ မကြားမိသေးဘူးလို့ ဆိုပါတယ်။

အခု စစ်မှုထမ်းကြေးကောက်ခံမှုဟာ ဇီးကုန်းမြို့နယ်မှာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

အဓမ္မစုဆောင်းခံရသူတချို့ကို စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းကို ပို့ကာ စစ်မှုထမ်းခိုင်းတာမျိုးတွေရှိပြီး  ပြီးခဲ့တဲ့ ဩဂုတ်  ၇ ရက်ကတော့ ပဲခူးတိုင်းထဲက ပြည်၊ မိုးညိုနဲ့ နတ်တလင်းမြို့နယ် တာပွန်မြို့တွေက စစ်မှုထမ်း ၅ ဦးထက်မနည်းဟာ လာရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA အဖွဲ့ထံ အလံဖြူထောင်ကာ အလင်းဝင်ခဲ့ပါသေးတယ်။

ပုံစာ - ဇီးကုန်းမြို့နယ်အတွင်း စစ်ဆေးရေးလုပ်ဆောင်နေသည့် စစ်ကောင်စီအဖွဲ့များ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဇီးကုန်းမြို့နယ် #စစ်ကောင်စီ #စစ်မှုထမ်းကြေး #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10