ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ

ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကနေ ဖေဖော်ဝါရီ ၁၄ ရက်က ထွက်ပြေးလာတဲ့ မိသားစုနှစ်စု စုစုပေါင်း လူ ၆ ဦး ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဆီကို ခိုလှုံလာတယ်လို့ ပအဖအဖွဲ့ဆီက သိရပါတယ်။

ပျုစောထီးကျေးရွာက ထွက်ပြေးလာတဲ့ ကလေး ၄ ဦးအပါ မိသားစု ၂ စုက ခိုလှုံခွင့်တောင်းလာတာကြောင့် လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

"အရင်က ထွက်ပြေးလာသူတွေနဲ့ ချိတ်ဆက်ထားတဲ့ မိသားစုတွေပါ။ ပြည်သူကိုတော့ ဒုက္ခပေးခဲ့သူ မပါပါဘူး။ လိုအပ်တာတွေ မေးမြန်းပြီး စောင့်ရှောက်ထားပါတယ်" လို့ ပုလဲ ပအဖတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။

သူတို့နဲ့ပတ်သက် အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ဖော်ပြခြင်းမပြုသေးပါဘူး။ 

အဲ့ဒီမိသားစုတွေဟာ စစ်သားနဲ့ပျူစောထီးတွေ တပ်စွဲအထိုင်ချတဲ့ ဇီးဖြူကုန်းရွာမှာ စားသောက်ဖို့အတွက် ခက်ခဲလာတာ၊ နေထိုင်ရ လွတ်လပ်မှုမရှိတာတွေကြောင့် ယခင်ထွက်ပြေးလာသူတွေနဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလာတယ်လို့ သူကဆက်ပြောပါတယ်။

ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူတွေကို စစ်ကောင်စီနဲ့ပျူစောထီးတွေဘက် ဆက်သွယ်သတင်းပေး ပို့တာ၊ တော်လှန်ရေးအင်အားစုတွေကို ထိခိုက်နစ်နာစေတဲ့ အပြုအမူ တစုံတရာပြုလုပ်တာ၊ သူလျှို ဒလန်လုပ်တာမျိုး လုံးဝမပြုလုပ်ဖို့နဲ့ ပြုလုပ်ပါက ထိရောက်စွာအရေးယူ အပြစ်ပေးခံရမယ်ဆိုတဲ့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

ဝန်ခံကတိရေးထိုးပြီးနောက် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံတို့က ထွက်ပြေးလွတ်မြောက်လာတဲ့ မိသားစု ၁ စုကို ငွေကျပ် ၆၀၀၀၀၊ မိုးကာ ၁ ချပ်နှုန်းအပြင် အဝတ်အထည်တွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အထိ ဇီးဖြူကုန်းကျေးရွာက ထွက်ပြေးလွတ်မြောက်လာသူ စုစုပေါင်း ၂၇  ဦးထိရှိလာပြီး လက်ရှိမှာဘေးကင်းလုံခြုံတဲ့နေရာမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

ပုံစာ - ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဇီးဖြူကုန်းရွာကထွက်ပြေးခိုလှုံလာသူတွေကို ထောက်ပံ့ပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပျူစောထီးရွာ #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10