ဇူလိုင်လအတွင်း မြေလတ်ဒေသက နေအိမ် ၈၀၀ ကျော်မီးရှို့ခံရ

ဇူလိုင်လအတွင်း မြေလတ်ဒေသက နေအိမ် ၈၀၀ ကျော်မီးရှို့ခံရ

အခုနှစ်ဇူလိုင်လအတွင်း အာဏာသိမ်းစစ်တပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်နိုင်ငံတဝှမ်းက ပြည်သူ့နေအိမ်တထောင်ကျော်ပျက်စီးခဲ့ပြီး အဲ့ဒီထဲမှာ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအတွင်းက နေအိမ် ၈၀၀ ကျော်ပါဝင်တယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က စက်တင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က ပြည်သူ့နေအိမ် ၁,၁၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ 

စစ်ကိုင်းတိုင်းမှာ နေအိမ် ၆၆၉ လုံးနဲ့ နိုင်ငံတဝှမ်း မီးရှို့ခံရမှုအများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ နေအိမ် ၂၆၂ လုံးနဲ့ ဒုတိယဖြစ်ကာ မကွေးတိုင်းကတော့ နေအိမ် ၁၁၇ လုံး မီးရှို့ခံရမှု တတိယအများဆုံး ဖြစ်ပါတယ်။ 

ဒါ့အပြင် ကရင်နီပြည်နယ်မှာနေအိမ် ၆၀၊ ပဲခူးတိုင်းအနောက်ခြမ်းမှာ နေအိမ် ၃၀၊ တနင်္သာရီတိုင်းမှာ ၂၇ အိမ်နဲ့ ရခိုင်ပြည်နယ်မှာ နေအိမ် ၁၀ လုံးဖြစ်ကာ ရှမ်းပြည်နယ်က နေအိမ် ၆ လုံးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

စစ်တပ်ကအာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးတဲ့အတွက် ပြည်သူပိုင်နေအိမ် ၁ သိန်းကျော် (၁၀၁,၄၆၃) ဆုံးရှုံးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ ၇၃,၁၁၄ လုံးနဲ့ တနိုင်ငံလုံးမီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ပြည်သူပိုင်နေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံးနဲ့  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ နေအိမ် ၂၁,၀၁၂ လုံးဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

ပုံစာ - ဇူလိုင် ၁၅ ရက်က ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်မှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အဦအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#မြေလတ်ဒေသ #နေအိမ်မီးရှို့ #စစ်ကိုင်း #မကွေး #ပဲခူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10