ဇွန်လရဲ့ ပထမဆုံး အခမဲ့ဆေးကုသမှုအဖြစ် ကနီနယ်စစ်ရှောင်တွေကို ဆေးကုသပေး

ဇွန်လရဲ့ ပထမဆုံး အခမဲ့ဆေးကုသမှုအဖြစ် ကနီနယ်စစ်ရှောင်တွေကို ဆေးကုသပေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ရှောင်နေရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံ ၁၃၃ ဦးကို နွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ပြည်သူတွေဦးဆောင်ပြီး အခမဲ့လိုက်လံဆေးကုသပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၁ ရက် မနေ့က မနက် ၇ နာရီလောက်မှာ သပိတ်အင်အားစုအဖွဲ့ နဲ့အတူ CDM ဆရာဝန်၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေက စစ်ရှောင်နေရတဲ့ ဒေသခံတချို့ကို လိုက်လံကုသပေးပြီး လူနာ ၈ ဦးကိုလည်း အသေးစားခွဲစိပ်ကုသပေးခဲ့တယ်လို့ နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ကိုပြည့်အောင်နိုင် က ပြောပါတယ်။

“ဆေးဝါးအခက်အခဲကြောင့် ဒီလထဲမှာ စစ်ဘေးရှောင်တွေကို Mobile ကုပေးတာ ပထမအကြိမ်ပါ။ မနေ့က သွားကုပေးလိုက်တာ ညနေ ၄ နာရီလောက်မှပြီးတယ်။ စစ်ရှောင်နေရတဲ့ သူတွေထဲမှာ ဖျားတဲ့သူတွေ ၊ သွေးတိုးတက်တဲ့သူတွေ ၊ နှာစေး ၊ ချောင်းဆိုး ၊ ဒူးနာ ၊ ခါးနာ အစရှိတာတွေကို အခမဲ့ ကုသပေးခဲ့တယ်။  ရွာသား ၈ ယောက်ကိုလည်း အကျိတ်တွေ ခွဲစိတ်ပေးခဲ့တယ်” လို့ ဆိုပါတယ်။

ဆေးဝါးဈေးတွေ အဆမတန်မြင့်တက်နေတဲ့အပြင် ဆေးဝါးသယ်ယူရာမှာလည်း ခက်ခက်ခဲခဲသယ်ယူရခဲ့ရပါတယ်။ ဘယ်လိုပင်ဆေးဝါးတွေကို ခက်ခက်ခဲခဲသယ်ယူရပေမဲ့လည်း ကျန်ရှိနေသေးတဲ့ စစ်ဘေးရှောင်တွေကို တက်နိုင်သလောက် ကြိုးစားပြီ ကုသပေးသွားမယ်လို့လည်းဆိုပါတယ်။

“ဆေးဝါးတွေက အကုန်လိုတယ်ဗျ ၊ ဆေးတွေက စျေးကလည်း တက်တယ်။ ဒီကာလမှာ အခမဲ့ဆိုတာ ကုသပေးနိုင်ဖို့အတော့်ကို ရုန်းရတယ်။ အလှူရှင်တော့လိုတာပေါ့။ မနေ့က ကုသပေးတဲ့ဆေးတွေဆိုလည်း ကျနော်တို့ စုထားတဲ့ဆေးဝါးတွေပါ။ နောက်ထပ်လည်း ကျနော်တို့ ကြိုးစားပြီး ကုသပေးသွားမှာပါ ” လို့ အဆိုပါ တပ်ဖွဲ့ဝင်က ဆိုပါတယ်။

မေလ ၂၉ ရက်နေ့ကလည်း ကနီနယ်ထဲက မီးဘေးသင့်ကျေးရွာမှာ ပျက်စီးဆုံးရှုံးမှုများတဲ့ နေအိမ်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ပြည်တွင်း ၊ ပြည်ပအလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။

ဒါ့အပြင် ကနီမြို့နယ်ထဲက စစ်ရှောင်ကလေးတွေအတွက် အချိန်မီစာသင်ကျောင်းဖွင့်လှစ်နိုင်ဖို့ စာသင်ဆောင် ၅ ဆောင် နဲ့ ယင်လုံအိမ်သာ ၃ လုံး ပြန်လည်တည်ဆောက်ရမှာဖြစ်လို့ အကူညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီ #CDM  #စစ်ဘေးရှောင် #ကုသရေး #ပညာရေး #ကျန်းမာရေးစောင့်ရှောက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10