ဈေးကွက်ထဲမှာ စားအုန်းဆီမရှိလို့ စားသောက်ဆိုင်အချို့ နှမ်းဆီကို ဈေးကြီးပေးဝယ်သုံးနေရ

ဈေးကွက်ထဲမှာ စားအုန်းဆီမရှိလို့ စားသောက်ဆိုင်အချို့ နှမ်းဆီကို ဈေးကြီးပေးဝယ်သုံးနေရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ဈေးကွက်အတွင်း စားအုံးဆီရောင်းချသူမရှိလို့  စားသောက်ဆိုင်ငယ်အချို့ နှမ်းဆီကိုဈေးကြီးပေးဝယ်ကာ အသုံးပြုနေရတယ်လို့ စားသောက်ဆိုင်ရှင်တဦးက ပြောပါတယ်။

စစ်ကောင်စီက စားအုန်းဆီကို ဈေးလျော့ရောင်းခိုင်းတာကြောင့် ဈေးကွက်ထဲမှာ စားအုန်းဆီဝယ်ယူမရလို့ နှမ်းဆီကိုဈေးကြီးပေးကာ အသုံးပြုနေရတာလို့ ဆိုပါတယ်။

"စားအုံးဆီကဝယ်မရဘူး။ အရင်ရောင်းတဲ့ဆိုင်တွေကို မေးလိုက်ရင်လည်း မရှိဘူးပဲ ပြောလွှတ်တာ။ အခုတော့ဆိုင်အတွက် ကြော်တဲ့လှော်တဲ့အခါမှာ နှမ်းလတ်ဆီကိုပဲ ဝယ်ပြီးသုံးနေရတယ်။ ကြော်တဲ့အခါမှာ ဆီပိုကုန်တာပေါ့" လို့ပေါင်းတည်မြို့က စားသောက်ဆိုင်ရှင်တဦးကပြောပါတယ်။

စားအုံးဆီကို ပုံးလိုက်ဝယ်ယူထားနိုင်တဲ့ စားသောက်ဆိုင်ကြီးအချို့ အခက်အခဲမရှိသေးပေးမယ့် တနေ့စာဝယ်ယူရတဲ့ စားသောက်ဆိုင်ငယ်တွေ အတွက်တော့ ရေရှည်ရပ်တည်ဖို့ မလွယ်ဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလယ်က နှမ်းလတ်ဆီ ၁ ပိဿာကို ကျပ် ၁၀၂၀၀ ဝန်းကျင်ဈေးပေါက်ပြီး အခုအခါ ကျပ် ၁၃၀၀၀ ပေးကာ ဝယ်ယူနေတယ်လို့ ဆိုပါတယ်။ 

စားအုံးဆီကို စားသုံးသူရေးရာနဲ့ဆီကုန်သည်ကြီးများအသင်းရဲ့ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာမြို့နယ် ဆီကုန်သည်တွေက ရောင်းချတာဖြစ်ပြီး မြို့နယ်တိုင်းမှာဈေးနှုန်းအနည်းငယ်စီ ကွာခြားမှုရှိတယ်လို့သိရပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းနဲ့နတ်တလင်းမြို့တွေမှာ စားအုံးဆီ ၁ ပိဿာကို ကျပ် ၄၃၅၀ နဲ့ရောင်းချပြီး ပေါင်းတည်မြို့မှာ ကျပ် ၄၄၀၀ နူန်းနဲ့ရောင်းချသလို ပေါက်ခေါင်းမြို့မှာတော့ ကျပ် ၄၈၀၀ နဲ့ရောင်းချတယ်လို့ သိရပါတယ်။

ဆီဆိုင်ကြီးအချို့က ရင်းနှီးတဲ့စားသောက်ဆိုင်ကြီးအချို့ကို ဆီပိဿာ ၁၀ ကို ကျပ် ၅ သောင်းနဲ့လက်သိပ်ထိုးရောင်းချတာတွေလည်းရှိပြီး တပိုင်တနိုင်ရောင်းချတဲ့ အကြော်ဆိုင်ငယ်တွေကတော့ လျော့ဈေးနဲ့ရောင်းတဲ့နေရာက ဝယ်ယူပြီးပြန်ရောင်းသူတွေဆီကနေ ၁ ပိဿာကိုကျပ် ၁ သောင်းဈေးပေးကာ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း  ဂွတ်ဒီနဲ့မေဇင်ဆီတွေ ဝယ်ယူမရလို့ ရောင်းချရခြင်းမရှိဘူးလို့လည်း နတ်တလင်းမြို့ကကုန်စုံဆိုင်ရှင်တဦးကလည်း ပြောပါတယ်။

လက်ရှိမှာ စားအုံးဆီဝယ်မရတာကြောင့် နှမ်းဆီနဲ့ရောကာရောင်းချတဲ့ အခြေခံလူတန်းစားတွေအများစုသုံးတဲ့ နှမ်းရောဆီလည်း မရှိတော့တဲ့အတွက် ဆီဆိုင်ပိတ်တာတွေလည်းရှိလာတယ်လို့ သိရပါတယ်။

ပုံစာ - နတ်တလင်းနဲ့ ပေါင်းတည်မြို့က စားအုန်းဆီရောင်းချပေးနေမှု မြင်ကွင်း။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကုန်ဈေးနှုန်း #ဈေးကွက် #စားသုံးဆီ #စားသောက်ဆိုင် #ကုန်စည်ပြတ်လပ် #ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီခရိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10