"ဈေးအတက်မှာ စပါးမရှိတဲ့လယ်သမားတွေ"

"ဈေးအတက်မှာ စပါးမရှိတဲ့လယ်သမားတွေ"

 အခြေခံလူတန်းစားတွေစားသုံးတဲ့ ဆန်ကြမ်းတွေကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့ဥရောပတို့ကို ပို့ဆောင်ရတာကြောင့်ဆန်ရှားပါးပြီး စပါးစျေးမြင့်တက်နေတယ်လို့  ဆန်စပါးဈေးကွက်ထဲက တညီတညွတ်ထဲ ပြောဆိုနေပါတယ်။

အင်းလယ်၊ ငွေတိုး၊ ကရင်မ၊ ဆင်းသုခ စတဲ့ စပါးတွေကနေထွက်တဲ့ ဆန်ကြမ်းတွေကို အဆင့်မှီအောင် ကြိတ်ခွဲအရောင်တင်ပြီး တင်ပို့နေကြတာလို့ ဆိုပါတယ်။

"ဆန် ၁ တန်ကို ဒေါ်လာ ၄၃၀ ဒါမှမဟုတ် ၄၃၅ ဒေါ်လာနဲ့ တင်ပို့နေရတာ ပြင်ပပေါက်စျေးက ၁ ဒေါ်လာကို ကျပ် ၂၈၅၀ ဝန်းကျင်ဖြစ်နေတာကြောင့် ဆန်တင်ပို့သူတွေ အရှုံးမရှိသေးဘူး။ အဲဒီတော့ ရှားပါးတဲ့ဆန်အစား စပါးကို လိုက်လံဝယ်ပြီး ကြိတ်ခွဲနေကြတာကြောင့် စပါးစျေးက တက်လိုက်လာတာ။ ပြည်တွင်းစားသုံးလို့ စပါးစျေးတက်တာ မဟုတ်ဘူး" လို့ ရန်ကုန်ဆန်စပါးစျေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စပါးစျေးတက်နေပေမယ့် စပါးစိုက်ပျိုးတဲ့ တောင်သူတွေရဲ့ လက်ဝယ်မှာ စပါးက မရှိတော့ပါဘူး။ လယ်သမားဦးရေ ၁၀၀ မှာ စပါးလက်ဝယ်ရှိသူက အများဆုံး ၁၅ ဦးလောက်ပဲ ရှိပါတော့တယ်။ စပါးစတင်ပေါ်တဲ့ အချိန်ကစလို့ လယ်သမားအများစုက စပါးခင်းထဲက ရိတ်ခြွေစက်ကအကျမှာ စိုက်ပျိုးစရိတ် အရင်းရရုံ စပါးတင်း ၁၀၀ ကို ကျပ် ၁၂ သိန်း စျေးလောက်နဲ့ပဲ ပွဲစား ဒါမဟုတ် ဆန်စက်ပိုင်ရှင်ဆီကို ရောင်းချခဲ့ပြီးပါပြီ။

"လယ်သမားအများစုလက်ထဲမှာ စပါးက မရှိတော့ဘူး။ ပေါ်တယ်ဆိုကတည်းက ရိတ်ချွေပြီး စပါးခင်းထဲမှာတင် ကားပေါ်တင်ရောင်းလိုက်ကြတာပဲ။ တချို့က မပေါ်ခင်ကတည်းက ကြိုရောင်းထားပြီး စိုက်ပျိုးရေးစားရိတ် လုပ်ထားကြတာ။ သိုလှောင်ရောင်းချနိုင်လောက်အောင် လယ်သမားက မချမ်းသာဘူး။ တချို့လည်း ဝမ်းစာလောက်ပဲ ထားတာလေ" ဟု လယ်သမားတဦးက ပြောပါတယ်။

လယ်သမားတွေ စပါးပေါ်ချိန် ရောင်းချရစဉ်က ဆန်ကြမ်းစပါးစျေး ပေါင် ၅၀ တင်း ၁၀၀ ကို ကျပ် ၁၂ သိန်းခန့်သာ ရရှိခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ ရွှေဘိုဒေသက ပေါ်ဆန်းဘေးကြားစပါးစျေးကလည်း ၁၅ သိန်းဝန်းကျင်သာရှိပြီး အခုပေါက်စျေးကလည်း ကျပ်သိန်း ၂၀ စျေးပေါက်နေပါတယ်။

လက်ရှိကာလမှာတော့ ရွှေဘိုဒေသမှာလည်း စစ်တပ်က ဆန်စပါးတွေကိုပါ မီးရှို့နေတာကြောင့် လက်ဝယ်မှာ ထားရှိသူလယ်သမား ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိတော့တယ်လို့ ဆိပ်ခွန်ဒေသခံတဦးကလည်း ပြောပါတယ်။

အဲဒီလို စပါးစျေးနှုန်းတွေ တက်နေတာကြောင့် နယ်မြို့တွေမှာ စပါးအရောင်းဝယ် လုပ်ကိုင်နေရသူတွေလည်း အခက်အခဲကြုံနေရပါတယ်။

"စပါးက စျေးတက်ပြီး ပစ္စည်းက ရှားတယ်။ စပါးစျေးအပေါ်က ဖြစ်နေပြီး ဆန်စျေးက အောက်ရောက်နေတာ။ စပါးစျေးက ဥပမာ မနေ့က တသိန်းဆိုရင် ဒီနေ့က တသိန်းခွဲ ခေါ်နေတာ။ အဲဒီလို လုပ်နေတာက ၂ လလောက်ဖြစ်နေပြီ။ ဘယ်လိုမှ လုပ်ရကိုင်ရတာ မကောင်းဘူး။ အနိမ့်စျေးနဲ့ဝယ် အမြင့်စျေးရောက်မှ ကြိတ်ခွဲရောင်းရမယ့် ပုံစံ ဖြစ်နေတယ်" လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဆန်စပါးရောင်းဝယ်သူတဦးက ပြောပါတယ်။

လက်ရှိမှာ ပေါက်စျေးနဲ့ စပါးဝယ်ယူ သိုလှောင်ထားသူ အချို့ရှိပြီး စပါးစျေး ဆန်စျေးမြင့်တက်မှသာ ပြန်လည်ရောင်းချမယ့် သူတွေလည်း ရှိနေပါတယ်။ ​သိုလှောင်ရာမှာလည်း ဆန်ကို သိုလှောင်တာထက် ခြောက်သွေ့တဲ့စပါးကို သိုလှောင်တာက ပိုပြီးအကျိုးရှိတယ်လို့ ဆိုပါတယ်။

စပါးက ကြာမြင့်စွာ သိုလှောင်ထားနိုင်ပေမယ့် ဆန်က အချိန် ၃ လခန့်သာ သိုလှောင်ထားနိုင်ပြီး မခြောက်သွေ့တဲ့ စပါးကိုကြိတ်ခွဲထားတဲ့ ဆန်တွေ ဆန်ဝါပေါက်တတ်တာကြောင့် အခုလို စပါးကို သိုလှောင်ထားကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဆန်ကြမ်းစပါးစျေး ပေါင် ၅၀ တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းဝန်းကျင်နဲ့ ရောင်းဝယ်နေကြတာကြောင့် တပိုင်တနိုင် ကြိတ်ခွဲရောင်းချသူတွေ အတွက်လည်း စပါးက အမြင့်စျေးဖြစ်ပြီး ဆန်စျေးက အောက်ကလိုက်နေတာကြောင့် လက်ရှိပေါက်စျေးနဲ့ဝယ်ပြီး စျေးတက်ချိန် ကြိတ်ခွဲရောင်းချမှသာ အကျိုးအမြတ်ရနိုင်မှာမို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

စပါးတွေ လယ်သမားလက်ထဲမှာ မရှိဘဲ ငွေပိုသိုလှောင်ထားသူတွေရဲ့ လက်ဝယ်မှာ ရှိနေတာကြောင့် နွေစပါးအသစ်မပေါ်ခင်အချိန်အထိ စင်ပေါ်မှာပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်သလို ဆန်စျေးလည်း ဆက်လက်မြင့်တက်နိုင်သေးတယ်တဲ့ အခြေအနေမှာ ရှိနေဆဲပါပဲ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10