ညမထွက်ရချိန်အမီ အမြန်မောင်းရာက ယာဥ်တိုက်မှုဖြစ်ပြီး ၂ ဦးသေဆုံး

ညမထွက်ရချိန်အမီ အမြန်မောင်းရာက ယာဥ်တိုက်မှုဖြစ်ပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာအနီး မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ ဧပြီလ ၂၈ ရက် မနေ့ ညနေ ၅ နာရီခွဲလောက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေးဘက်ကနေ ရွှေဘိုဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင် အံစာတုန်းယာဉ်ဟာ စစ်အုပ်ချုပ်ရေး(မာရှယ်လော)ထုတ်ပြန်ထားတဲ့ ရွှေဘိုမြို့ကို ညမထွက်ရအချိန်မီဝင်ရောက်ဖို့ အမြန်မောင်းနှင်ရာကနေ အရှိန်လွန်ပြီး စပါးခွံတင်ယာဉ်နဲ့ ခေါင်းချင်းဆိုင် တိုက်မိကာ ယာဉ်ပေါ်ပါခရီးသည်အမျိုးသား ၂ ဦး သေဆုံးခဲ့တာလို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။


"ကားပေါ်မှာက သရက်သီးအိတ်တွေနဲ့ ခရီးသည် ၇ ဦးပါတယ်။ ရွှေဘိုကို ၆ နာရီအဝင်မောင်းပြီး ညအိပ်ဖို့အစီအစဥ်နဲ့အမြန်မောင်းလာရင်း အရှိန်မထိန်းနိုင်ဘဲနဲ့ လှတောတောင်ဘက်ကွေ့နားမှာ မျက်နှာချင်းဆိုင်လာတဲ့ ဖွဲကားကို တိုက်မိပြီး ခရီးသည်အမျိုးသား၂ ဦးသေသွားတာ" လို့ ပြောပါတယ်။

သေဆုံးသူ ၂ ဦးဟာ ပခုက္ကူနယ်ဘက်ကလို့သိရပြီး ခရီးသည်တင်ယာဥ်ပေါ်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးလည်း ဒဏ်ရာရခဲ့ကာ အဲ့ဒီခရီးသည်တင်ယာဉ်ဟာ ဖားကန့်မြို့ကိုသွားရောက်မယ့်ကားဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်ကောင်စီက ရွှေဘိုမြို့နယ်ကို ဖေဖော်ဝါရီလ ၂၂ ရက်ကစတင်ကာ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအချိန် သတ်မှတ်ထားတာဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်တဝှမ်းမှာ မကြာခဏဆိုသလို ယာဥ်တိုက်မှုဖြစ်ပွားနေပြီး ဧပြီလ ၂ ရက်နေ့ကလည်း ရွှေဘို-မြစ်ကြီးနားလမ်း အထွက် လျှပ်စစ်ပင်မခွဲရုံအနီးမှာ ဆီတွဲဘောက်ဆာကားနဲ့ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးသူမှာ ခြေ ၂ ဖက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10