ညအချိန်မတော် ရဲစခန်းထဲဝင်လာတဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်က လူမှားပြီးပစ်ခတ်

ညအချိန်မတော် ရဲစခန်းထဲဝင်လာတဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်က လူမှားပြီးပစ်ခတ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ပေါ်မှာ စက်တင်ဘာ  ၂၀ ရက် ညဉ့်နက် ၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေက အမျိုးသားတဦးကို လူမှားပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောမြို့ပေါ်မှာရှိတဲ့ ရဲစခန်းဝန်းထဲကို အသက် ၃၀ နှစ်အရွယ် ဘဲကြီး (ဒေသအခေါ်) ဆိုသူဟာ အရက်မူးပြီး ရဲစခန်းထဲကိုဝင်သွားချိန် အဲဒီဝန်းထဲမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်က လူမှားပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဗိုက်နဲ့ပေါင်ကို ထိမှန်သွားတယ်လို့ ဆိုပါတယ်။ 

လက်နက်တွေထိတာကတော့ ထုတ်ချင်းပေါက်တွေချည်းပဲ၊ သူကအသောက်များနေတာဗျ၊ အရက်ကြောင်ကြောင်ပြီး စခန်းထဲကိုအသွား ပစ်ခံရတာ။ ကျနော်တို့ကြားရတာတော့ သေဖို့များတယ်တဲ့လို့ ယောမြို့ခံတဦးက ပြောပါတယ်။ 

အဲဒီအမျိုးသားဟာ ဆောမြို့ပေါ်မှာရှိတဲ့ ရဲ၊ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ရင်းနှီးသလို သူတို့အတွက် စိတ်ကြွဆေးပြားနဲ့ အရက်တွေကိုလည်း ရောင်းချပေးသူတဦးဖြစ်တယ်လို့လည်း မြို့ခံက ဆက်ပြောပါတယ်။

စစ်သား နဲ့ ရဲတွေကို အခြေနေတခုလောက်အထိ သူပိုင်တယ်လို့ပြောလို့ရတဲ့ အနေအထားပေါ့။ မြို့ပေါ်က လူငယ်တချို့ကိုလည်း ဆေးတွေသူရောင်းပေးတယ် အဲ့အတွက် လူငယ်တွေက သူ့ကိုသိနေကြတာ သူက ဆောမြို့ဒေသခံတဦးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပစ်ခတ်ခံရတဲ့ အမျိုးသားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး 

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကစပြီး ဆောမြို့ပေါ်မှာ ဗိုလ်မှူးအပြောင်းအလဲပြုလုပ်ပြီးနောက် ညတိုင်းနီးပါး သေနတ်ပစ်ဖောက်သံတွေ ကြားနေရတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် သြဂုတ် ၃၁ ရက်ကလည်း ဆောမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်အုပ်စုက ဧည့်စာရင်း စစ်ဆေးမှုတွေပြုလုပ်တဲ့အပြင် သူတို့မယုံကြည်တဲ့ နေအိမ်တွေကိုတော့ ပုံစံ (၁၀) ပြခိုင်းတာ လူပိုတွေရှိမရှိ စစ်ဆေးတာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ရဲစခန်း #ပစ်ခတ်ခံရ #စစ်ကောင်စီတပ် #မကွေးတိုင်း #ဂန့်ဂေါ #ဆော

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10