ညအချိန် ရွာထဲပြန်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

ညအချိန် ရွာထဲပြန်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာထဲကို အရက်မူးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ Bago Region PDF က ယနေ့အောက်တိုဘာလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၀ ရက် ည ၁၀ နာရီလောက်က ရွာထဲမှာပဲ ပစ်ခတ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးဟာ နေရာမှာ ပွဲချင်းပြီးသေဆုံးသွားကာ သေဆုံးသွားတဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်ဖျက်လိုက်ကြောင်းကို  ၃ ရက်အကြာမှ သိရတယ်လို့ဆိုပါတယ်။

“ကျနော်တို့ သတင်းရရှိတဲ့အတွက် သွားရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ စကစ အဖွဲ့ဝင်တယောက်သေဆုံးသွားတာကိုတော့ ကျနော်တို့လုံးဝကို အတည်ပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပစ်ခတ်မှုကလည်း အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်က သေချာမှန်ကန်ပါတယ်” လို့ ပစ်ခတ်မှုမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဘန့်ဘွေးကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာ ၁ လနီးပါးရှိပြီဖြစ်တယ် လို့လည်း ဆိုပါတယ်။ အခုလို ကျေးရွာထဲမှာတပ်စွဲထားတဲ့အတွက် ဒေသခံတချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅) တို့ က သွားရောက်ပစ်ခတ်ခဲ့ကြပါတယ်။ ပစ်ခတ်ခံရတဲ့ ၂ ဦးထဲက တဦးဟာသေဆုံးသွားပေမယ့်လည်း  ကျန်တဦးရဲ့ သတင်းကိုတော့ ထပ်မံကြားသိရခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက်ကလည်း ပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းမှာရှိတဲ့ ဧက ၂ ရာ ကျွန်းစိုက်ခင်းအနီးမှာ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #မင်းလှမြို့နယ် #ပဲခူးရိုးမ #သယာဝတီခရိုင် #ပကဖ #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10