ညောင်ကန်မှာ ဗကသခေါင်းဆောင် ၃ ဦးကိုသတ်ပြီးနောက် ရွာသား ၈ ဦးကိုဖမ်းပြီး နေအိမ်တွေကိုမီးရှို့သွား

ညောင်ကန်မှာ ဗကသခေါင်းဆောင် ၃ ဦးကိုသတ်ပြီးနောက် ရွာသား ၈ ဦးကိုဖမ်းပြီး နေအိမ်တွေကိုမီးရှို့သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ခေါင်းဆောင် ၃ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့အပြင် ညောင်ကန်ရွာက နေအိမ် ၂၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းလောက်မှာ စိုင်ပြင်လေးရွာကနေထွက်လာပြီး တမိုင်လောက်ဝေးတဲ့ ညောင်ကန်ရွာထဲကို လက်နက်တွေ ပစ်ခတ်ဝင်ရောက်လာကာ ဗကသ အဖွဲ့ဝင် ၃ ဦးကိုသတ်ပြီးနောက် နေ့လယ်ပိုင်းမှာနေအိမ်တွေကို မီးရှို့သွားတာလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် ဗကသဥက္ကဌ ရဲဘော် ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)

 

“ရွာထဲက ဗကသ အဖွဲ့ဝင် ၃ယောက်ကိုလည်း သတ်သွားတယ်။ နောက်ထပ် ရွာသား ၈ ယောက်ဝန်းကျင်လောက်လည်း အဖမ်းခံရတယ်လို့ ကြားရတယ်” လို့ ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦး က ပြောပါတယ်။

အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ညောင်ကန်ရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီး နေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တမိုင်လောက်ဝေးတဲ့ ကြက်ရိုးကုန်းရွာထဲကို ဝင်ရောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ဘုတလင်မြို့နယ် ဗကသဒုဥက္ကဌ ရဲဘော် ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်)

 

“ကြက်ရိုးကုန်းရွာထဲကနေ ဘေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ညောင်ကန်ရွာသားတွေလည်း အခုချိန်ထိ ရွာထဲဝင်လို့ မရဲသေးဘူး။ တောတွေထဲမှာ ရှောင်နေရတုန်းပဲ ” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ‌တော့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ကျောက်ဦးရွာထဲကို ဝင်ရောက်သွားပြီး အဲ့ဒီရွာက နေအိမ်တွေကို မီးရှို့နေတယ်လို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ညောင်ကန်ကျေးရွာအုပ်စုဖြစ်တဲ့ ညောင်ကန်၊ စိုင်ပြင်၊ ရွာသာ၊ ဆိတ်ကုန်း၊ ကြက်ရိုးကုန်းနဲ့ ကျောက်ဦး အစရှိတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် ဗကသသတင်းပြန်ကြားရေးမှူး ရဲဘော် ကိုသုတနေ (အသက် ၁၉ နှစ်)

 

ယမန့်နေ့က ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရုံးကို စစ်ကောင်စီတပ်တွေက စီးနင်းခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ဗကသဥက္ကဌ ကိုကျော်ဝင်းသန့်၊ အသက် ၁၉ နှစ်အရွယ် ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ အသက် ၁၉ နှစ်အရွယ် သတင်းပြန်ကြားရေးမှူး ကိုသုတနေ တို့ကိုသတ်ဖြတ်ခဲ့တာပါ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #ညောင်ကန် #စစ်ကောင်စီ #မီးရှို့ #ဒေသခံအသတ်ခံရ #ဗကသ #သမဂ္ဂ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10