ညောင်စေ့အလှူညောင်ပင်အကုသိုလ်နဲ့ ရုရှားသွားငရဲသား

ညောင်စေ့အလှူညောင်ပင်အကုသိုလ်နဲ့ ရုရှားသွားငရဲသား

မရှိလို့မလှူမလှူလို့မရှိတို့ ညောင်စေ့လေးလောက်လှူပေမယ့်စိတ်ထားတတ်ရင် ညောင်ပင်ကြီးလောက်ရပါတယ်တို့ အစရှိတဲ့စေ့ဆော်ချက်တွေကတပုံတပင်။ သွားရင်းလာရင်းအလှူခံမဏ္ဍပ်တွေဆီက နိဗ္ဗန်ဆော်များစွာရဲ့ခက်လက်ဝေဖြာ စကားတရာမကတွေထဲခင်ဗျားကျွံဝင်သွားလို့ကတော့၊ ရွှေအိုးထမ်းမလားဒယ်အိုးရွက်မလား ဝေခွဲရခက်သွားမယ်။

ကျုပ်တို့လူမျိုးကတော့ဖြင့် အလှူအတန်းအပေးအကမ်း ရက်ရောချက်ကတော့ကမ်းကုန်ရော။ ကမ်းကုန်ရောလို့တောင်ပြောရမယ်ထင်ရဲ့။ ကိုးကွယ်တဲ့ဘာသာတရားဟာ ပညာဓိကပုဂ္ဂိုလ်က တည်ထောင်ခဲ့ပေမယ့် အများစုက သဒ္ဓါဓိကတွေများနေတယ်ထင်ပ။ 

အခုတလော ကမ္ဘာ့သတင်းစာမျက်နှာမှာ သီရိလင်္ကာနိုင်ငံသတင်းကနေရာယူနေဆဲပေါ့။ ခင်ဗျားကြားပြီးပြီလား။ ကျုပ်တို့ မြန်မာ့စစ်ကောင်စီကြီးက သီရိလင်္ကာနိုင်ငံကိုဆန်တန်ချိန် ၁၀၀၀ လှူမလို့ဆိုတာကိုလေ။ သုံးထားတဲ့စကားအသုံးအနူံးလေး ကိုလည်းကြည့်လိုက်ပါဦး။ "နိုင်ငံရေးနဲ့စီးပွါးရေးအကြပ်အတည်းတွေနဲ့ကြုံတွေ့နေရတဲ့ သီရိလင်္ကာနိုင်ငံအတွက်" တဲ့။ လူသားချင်းစာနာတဲ့အနေနဲ့တဲ့လေ။ နိူင်ငံတော်ရန်ပုံငွေထဲကလှူတန်းတာဆိုပဲ။

ပြီးခဲ့တဲ့သီတင်းတစ်ပတ်လောက်က သတင်းဌာနတခုမှာ စာလုံးအမည်းကြီးနဲ့သတင်းတပုဒ်ဖတ်လိုက်မိတာ၊ ကျုပ်ပြန်တွေးနေမိသေးရဲ့လေ။ "စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၇ သိန်းခွဲကျော် ဖျက်စီးခံရသည့်နေအိမ် ၁၉၀၀၀ ကျော်ရှိ ဟုကုလပြော" တဲ့။ 

လူသားချင်းစာနာမှုက ကိုယ့်ပြည်တွင်းမှာမပါဘူးလား သဒ္ဓါကန်းနေကြသူကြီးတို့ရဲ့ လို့မေးချင်နေမိပါရဲ့။အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၇ သိန်းကျော်ရှိနေတဲ့ ကျုပ်တို့ရဲ့ရွှေမြန်မာကြီးကတော့ နိူင်ငံရေးနဲ့စီးပွါးရေးတွေ အရမ်းပြေလည်နေတာပေါ့လေဟုတ်စ။ ခင်ဗျားတို့ဟာကြီးကဖြင့် ရေငုပ်ပြီးချီးပါသလိုဖြစ်နေပါပကောလားဟရို့။

စကစ ကြီးတို့အလှူက ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးထက်မကလိုချင်တာများလား။ နိုင်င်ငံတကာစာမျက်နှာမှာ နိုင်င်ငံရေးတွေတည်ငြိမ်၊ စီးပွါးရေးတွေတည်ငြိမ် နေသယောင်ဆောင်နေတာများဖြစ်မလား။ အများအမြင်မှာ ဘာသာရေးသမားကြီးတွေ မေတ္တာရှင်ကြီးတွေလို့ထင်စေမြင်စေပေါ့ ဂလိုလား။ ဟန်ကိုယ့်ဖို့ဆိုတဲ့စကားက မဟန်ရင်တော့သူများဖို့ ဖြစ်တတ်သဗျ။

အခုတလော အမေရိကန်တို့တရုတ်တို့ကလည်း စကစ ကြီးတို့ကို "ဖိအားပေး"ဖို့တွေ လွှတ်ပြောနေကြသဗျို့။ ဦးစကပြောနေတာ ကိစ္စနမရှိပေမယ့် စကစတို့ပေါက်ဖော်မိတ်ဆွေကြီးကပါ တွေ့ဆုံဆွေးနွေးရေးဘာညာပြောလာတာကြီးကတော့များတယ်။ ဆိုတော့ စကစကြီးတို့ခမျာမယ် အပူသောက အလူးလူးနဲ့လူလောကမှာ ရူးရူးရချည့်ပေါ့။

ဂလိုကြီးတော့ စကစ ကြီးတို့ကဘယ်ငြိမ်နေလိမ့်မတုန်း။ ကုန်းရုန်းပြီးအကြံထုတ်ကြမှာပေါ့  ဟင်း..ဟင်း။ အကြံတော့ထွက်လာပါပြီ။ ဒါပေမယ့် ရှေ့အစဥ်အဆက်သုံးလာခဲ့တဲ့အကွက်ပါပဲ။ အဲဒါကတော့ အခုတလောလူစွာလုပ်နေတဲ့ ကွီးပူတင်တို့ဆီဒိုးပြီပေါ့။သူက အနောက်ကမ္ဘာကို ခံတန်တန်လုပ်နေသူကြီးလေ။ ဒီတော့ တစ်ကွက်ပြလိုက်တယ်ပေါ့ ဟင်း,,ဟင်း။

ကျုပ်လည်း စကစ ကြီးရဲ့ ရုရှ ခရီးအကြောင်းသိချင်တော့ သတင်းတွေလျောက်ဖတ်ရသပေါ့လေ။ ဖတ်ကြည့်တော့မှပဲသိလိုက်ရတာ မအလ ခရီးစဥ်ကြီးက ကိုယ်ဖာနင်သွားရတဲ့ခရီးစဥ်ကြီးပါကလားလို့ သိရတော့တာကိုး။ ထူးပေဆန်းပေသည်တမုံ့ပေါ့လေ။

"ရုရှ ဖက်ဒရေးရှင်းနိူင်ငံ ကာလုဂါ ပြည်နယ် Ethnomir ကမ္ဘာ့ယဥ်ကျေးမှုမြို့တော်မှာရှိတဲ့ ရွှေစည်းခုံစေတီတော်မှာ စိန်ဖူး၊ ငှက်မြတ်နားနဲ့ထီးတော်တင်လှူပူဇော်ပွဲ" ကြီးကိုသွားတာက အဓိကပေကိုးဗျ။ မအလ နဲ့အတူ သတဂ ကြီးပါသပေါ့လေ။

ကျုပ်စဥ်းစားတယ်လေ။  မအလ ခရီးစဥ်ကြီးက ဘုရားထီးတင်တာတစ်ခုထဲတော့ မဖြစ်တန်ရာဘူးပေါ့။ ဒါလေးတစ်ခုထဲနဲ့တော့ဂလောက်ကြီး နိူင်ငံတော်စရိတ်အကုန်အကျမခံ တန်ရာဘူးပေါ့နော။ ဒါနဲ့နောက်ထပ်သတင်းလေးဘာလေး မွှေနှောက်ရှာဖွေရပြန်ရောဆိုပါတော့။ တွေ့ချေပြီသတင်းတစ်ပုဒ်။

"မော်စကိုရောက် မအလ မိသားစုနဲ့အဖွဲ့လူလိုသူလိုဧည့်ခံမည့်သူမရှိသေးဘူး" ( ရုရှသတင်းထောက်ပြောပြချက်) 12.7.2022 "မအလက ပူတင် ဒါမှမဟုတ်ပူတင်ထောက်ခံတဲ့ တာဝန်ရှိသူတဦးဦးနဲ့ တွေ့ခွင့်ရဖို့တောင်းထားပေမယ့် လက်ခံတွေ့ဖို့အစီအစဥ်မရှိဘူး အကြောင်းပြန်ထားတာပဲသိတယ်။ ကျန်တာမသိဘူး။ မော်စကိုနဲ့မိုင် ၁၀၀ လောက်ဝေးတဲ့ Kaluga ဒေသ Ethnomir ယဥ်ကျေးမှုပန်းခြံမှာမြန်မာဘုန်းကြီးတည်တဲ့ရွှေစည်းခုံစေတီဖွင့်ပွဲကိုသူ့အစီအစဥ်နဲ့သူလာတက်တာလို့သိရတယ်။

ပူတင်ကိုးကွယ်တဲ့ အော်သိုဒေါက်ခရစ်ယန်ဘုန်းတော်ကြီး ဆီကိုလည်းလက်ခံတွေ့ဖို့ အကူအညီတောင်းထားတာသိတယ်။ တွေ့ခွင့်ရမရတော့မသိဘူး။ မော်စကို အာကာသနှင့်နြူကလီးယားအေဂျင်စီကလူတွေနဲ့တွေ့ခွင့်ရဖို့ တောင်းထားတာလည်းရှိတယ်။ အောက်ကဂျူနီယာဝန်ထမ်းတချို့ နဲ့တော့တွေ့ခွင့်ပေးမယ်သိရတယ်"

အောင်မလေး မအလ ရယ်၊ မျက်နှာငယ်လိုက်တာ၊ သတင်းတစ်ပုဒ်လုံးဖတ်ပြီး မျက်စိထဲမြင်ယောင်ရတာအရသာမဲ့လိုက်တာ။ တောင်းဆိုသမျှ အငြင်းခံဘဝရောက်နေတာ ကျုပ်တို့ဝဋ်တွေလည် နေသလားမှတ်ရတယ်။

ဘာပဲဖြစ်ဖြစ် မအလ ရဲ့ခရီးစဥ်ကြီးက ဘုရားထီးတင်ပွဲသွားတာအဓိကပါပဲလေ။ သာသနာပြုမင်းကြီးနဲ့မင်းဆရာ သတဂ တို့ပွဲပေါ့။ ဗုဒ္ဓသာသနာကြီး အရှည်တည်တံ့ကျယ်ပြန့် ထွန်းကားအောင်ဆောင်ရွက်ကြသည်ဟုမြင်ကြပါစေပေါ့။ အချိန်ကိုက် သီရိလင်္ကာကိုလည်းဆန်တွေ လှူတန်းပြလိုက်သေးကိုး။

တလောကဖတ်မိတဲ့သတင်းလေးလည်းသိရမိသေးရဲ့။ "စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ ဘာသာရေးအဆောက်အအုံ ၁၃၂ ခု မီးရှို့မှုအပါအဝင်ပုံစံအမျိုးမျိုးနဲ့ဖျက်စီးခံခဲ့ရပါတယ်" တဲ့။

သတင်းတစ်ပုဒ်လုံး ကိုဖတ်ကြည့်မိတော့ ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဘာသာရေးအဆောက်အအုံတွေ ဖျက်စီးခံရတာတွေ့ရပါရော၊ ကိုယ့်ဗုဒ္ဓဘာသာဆိုင်ရာတွေသာမက၊ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေလည်း အများအပြားပါဝင်နေတာတွေ့ရလေရဲ့။ ခရစ်ယာန်သင်းအုပ်ဆရာတွေဖမ်းဆီးခံ ရတာတွေလည်းပါသေး။ တချို့သောဘုန်းတော်ကြီးကျောင်းတွေမှာဆို အလှူငွေတို့နှစ် ၂၀၀ လောက်သက်တမ်းရှိ ပတ္တမြားဌာပနာထားတဲ့ဆင်းတုတော်တွေ အဓမ္မယူငင်သွားတာတွေတောင်ရှိသည်ဆိုပဲ။

ရုရှားကို ဘုရားထီးတင်သွားတဲ့ သာသနာပြန့်ပွါးရေး  မအလကြီးနဲ့ မင်းဆရာကြီးတို့ရဲ့ နိူင်ငံတကာမျက်နှာမှာ အမြင်လှဖို့ဘယ်လိုလုပ်လုပ်၊ ဒေါင်းသတ္တဝါတွေ "က" နေသလို၊ နောက်မှာကတော့ ဖင်ဟောင်းလောင်းကြီးဖြစ်နေတာ အသေအချာပဲဗျို့။

ကျုပ်အကောင်းဘက်က လှည့်တွေးကြည့်သေးတယ်။  မအလနဲ့သူ့ဆရာ သတဂ တို့ကသူတို့နောက်လိုက်နောက်ပါတွေရဲ့ လုပ်ရပ်တွေကိုကြည့်ရင်း တနေ့နေ့ကျ သူတို့အင်မတန်ကြည်ညိုတဲ့ စေတီတွေကိုဖျက်ဆီးခဲ့သော်ခက်ရချည့်ရဲ့ပေါ့။ ဒီတော့အခုကတည်းက အခြားနိူင်ငံတွေမှာ ပုံစံတူတွေပွါးထားလေမှလို့စဥ်းစားမိလို့များလားပေါ့လေ။ 

ဒါမှမဟုတ်လည်း မင်းကအနော်ရထာလုပ်ကွာ၊ ကိုယ်တော်က ရှင်အရဟံ လုပ်မယ်လို့များစိတ်ကူးယဥ်ခဲ့မိကြလို့လား။ ကျုပ်လျောက်စဥ်းစားမိတာပါ။

ဆူးရနံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10