ညောင်လေးပင်မှာ အမျိုးသား ၁ ဦးကို ပျူစောထီးတွေ ဖမ်းဆီးရိုက်နှက်လို့ သေဆုံး

ညောင်လေးပင်မှာ အမျိုးသား ၁ ဦးကို ပျူစောထီးတွေ ဖမ်းဆီးရိုက်နှက်လို့ သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဝင်္ဂဘော်(မြောက်)ကျေးရွာသားတဦးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးတွေက ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၆၆ နှစ်အရွယ် ဦးစိန်လွင်ကို ဇွန် ၂၀ ရက်ညနေ ၄ နာရီလောက်မှာ အလယ်ရွာ အုပ်ချုပ်ရေးမှူးနဲ့ ဝင်္ဂဘော်(မြောက်)ကျေးရွာ ပျူစောထီး မျိုးခိုင်ချမ်း ဦးဆောင်တဲ့အဖွဲ့က နေအိမ်ကိုလက်နက်တွေ ပစ်ဖောက်ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“(ဦးစိန်လွင်က) အရက်တွေမူးလာရင် သူတို့(မျိုးခိုင်ချမ်း)အဖွဲ့ နဲ့ အတိုက်အခံပြောတာမျိုးတွေရှိတယ်။ ဖမ်းဆီးသွားပြီးတော့ မျိုးခိုင်ချမ်းအိမ်ရှေ့က ဆွမ်းလောင်းဓမ္မာရုံရှိတယ်။ အဲ့မှာ ချုပ်နှောင်ပြီး ရိုက်ကြတယ်” လို့ ညောင်လေးပင်မြို့နယ်မှ ရဲဘော်သိမ်းငှက်ကပြောပါတယ်။ 

ပျူစောထီးတွေက ဓမ္မာရုံထဲမှာ လက်ပြန်ကြိုးတုပ်ရိုက်နက်နေခဲ့ရာ ဇွန် ၂၃ ရက်မနက်ပိုင်းမှာတော့ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ဦးစိန်လွင်အလောင်းကို ဒေသခံတွေက တွေ့ခဲ့ရတာလို့ ဆိုပါတယ်။  

အဲ့ဒီနေ့မှာပဲ ရဲတွေရောက်လာပြီး အလောင်းကိုနေအိမ်ပြန်မသယ်ခိုင်းသေးဘဲ ညောင်လေးပင်ဆေးရုံကိုအရင်သယ်သွားပြီးမှ အိမ်ကိုပြန်သယ်ခိုင်းခဲ့တယ်လို့လည်း ရဲဘော်သိမ်းငှက်က ပြောပါတယ်။ 

ဦးစိန်လွင်သေဆုံးမှုနဲ့ပတ်သက်ပြီးတော့လည်း ဘယ်သူ့ကိုမှမပြောဖို့ ပျူစောထီး မျိုးခိုင်ချမ်းအဖွဲ့က ဒေသခံတွေကို ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။ 

ပြွန်တန်ဆာဒေသမှာရှိတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်အနိုင်ကျင့်တာ၊ စစ်သားစုဆောင်းရေးကိုအကြောင်းပြပြီး ငွေ အဓမ္မကောက်ခံတာတွေ လုပ်ပြီး ကျေးရွာထဲက ချဲဒိုင်၊ လောင်းကစားဒိုင်တွေကိုလည်း လိုင်းကြေးတောင်းပြီး ခွင့်ပြုထားတာတွေရှိတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ဒေသခံ #သေဆုံး #ရိုက်နှက် #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10