ညောင်ဦးမှာ နှစ်ရာကျော်သက်တမ်းရှိ ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်း မီးလောင်ဆုံးရှုံး

ညောင်ဦးမှာ နှစ်ရာကျော်သက်တမ်းရှိ ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်း မီးလောင်ဆုံးရှုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းတော်ကြီးကျောင်း စက်တင်ဘာ ၂၁ ရက် မနေ့ည ၈ နာရီကျော်က မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ညောင်ဦးမြို့ ၊ ငှက်ပစ်တောင်ဘုရားအုတ်တံတိုင်းရှေ့က သစ်သားနဲ့ဆောက်လုပ်ထားတဲ့ နှစ်ထပ်ဘုန်းတော်ကြီးကျောင်းမှာ မီးပြတ်နေချိန် ဖယောင်းတိုင်မီးထွန်းရာက ကူးဆက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

“ကျောင်းမှာရှိတဲ့ ဘုန်းကြီးက မီးပျက်နေလို့ ဖယောင်းတိုင်ကို စာတိုက် (ကျမ်းစာအုပ်ထည့်သည့် သေတ္တာ) ပေါ်တင်မီးထွန်းထားပြီး ကုဋီသွားတက်နေတုန်း စာတိုက်ကိုမီးကူးပြီး လောင်သွားတာ။ ၁၀ မိနစ်လောက်ပဲကြာတယ်၊ တကျောင်းလုံးကုန်သွားတာ။ အခု ပြာပုံပဲကျန်တော့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကျောင်းဟာ တရားကျင့်ကြံတဲ့ကျောင်းဖြစ်လို့ ဘုန်းတော်ကြီးတပါးသာ သီတင်းသုံးလေ့ရှိကာ လက်ရှိဘုန်‌တော်ကြီးဟာလည်း ပြီးခဲ့တဲ့ ၈ လလောက်က ပျံတော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်နေရာမှာ လာရောက်သီတင်းသုံးတာဖြစ်ပြီး တရားဝင်ကျောင်းအပ်နှံခြင်း မပြုရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာရဲ့ ထုတ်ပြန်ချက်မှာ အဲ့ဒီ ဘုန်းတော်ကြီး ကျောင်းဟာ သက်တမ်းနှစ်တရာကျော်ရှိပြီး ရေနံချေးဝနေ(သစ်သားများကြာရှည်ခံအောင် ရေနံချေးသုတ်ထား)တဲ့ ကျောင်းဖြစ်တယ်လို့ ရေးသားထားပါတယ်။

မီးလောင်မှုကြာမြင့်ချိန် ၁၀ မိနစ်ခန့်သာရှိပြီး ညောင်ဦးမြို့က မီးသတ်ကား ၁၀  စီးဝန်းကျင်နဲ့ ငြှိမ်းသတ်ခဲ့ရကာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

ကျောင်းနေရာပတ်လည်မှာလည်း ငှက်ပစ်တောင်ဘုရား၊ ငှက်ကြီးခေါင်းကျဘုရားနဲ့ အခြားတန်ခိုးကြီး စေတီတော်ကြီးတွေလည်းရှိတယ်လို့ အဲဒီဒေသခံဆီက သိရပါတယ်။

အဆိုပါဘုန်းကြီးကျောင်းဟာ ပြည်တွင်းပြည်ပဘုရားဖူး၊ လေ့လာသူတွေ လာရောက်လေ့ရှိတဲ့ ထင်ရှားနေရာတခုလည်း ဖြစ်ပါတယ်။

ပုံစာ - ငှက်ကြီးခေါင်းကျဘုန်းတော်ကြီးကျောင်း မီးလောင်မှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #ငှက်ကြီးခေါင်းကျ #မီးလောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10