တချိန်တခါက လယ်ကွင်းတွေဆီ

တချိန်တခါက လယ်ကွင်းတွေဆီ

စိမ်းမြမြလယ်ကွင်းစိမ်းပြင်ကြီးနဲ့ ထောင်နေတဲ့ရိုးပြတ်ငုတ်တွေကို တွေ့တိုင်း အတိတ်ကိုပြန်ပြီး မြင်ယောင်မိတယ်။ နှစ်ပေါင်းများစွာ အတူယှဉ်တွဲလုပ်ကိုင်လာခဲ့တော့ အဲ့ဒီအချိန်က ကိုယ်ပန်းစိတ်ပန်းတာတွေ ရှိခဲ့ပေမယ့်လည်း ပြန်တွေးမိတိုင်း အတိတ်ကို ပြန်ပြီးမြင်ယောင်တာ၊ သတိရတာတွေက ဆန်းမည်မထင်။ ဘယ်တော့မှလည်း မေ့သွားမည်မဟုတ်။  

မိုးထဲ၊ လေထဲမှာ ရုန်းကန်ခဲ့ရတာ၊ မိုးကြိုးထစ်သံတွေ၊ လျှပ်စီးတွေကြားထဲ ပုန်းခိုစရာမဲ့ခဲ့တာတွေက အကြိမ်ကြိမ်။ အဲဒီတုန်းက ခြေရာတွေဟာ ထွန်ယက်ခံလိုက်ရလို့ ပျောက်ပျက်သွားပေမယ့် မျက်ဝန်းတစုံမှာတော့ ထင်ကျန်ဆဲ ရှင်သန်ဆဲပါ။ 

မိုးဦးကျလယ်ကွင်းပြင်ကျယ်ကြီးထဲ လယ်ထွန်စက်သံတွေက တဝီဝီ၊ မိုးနှောင်းပိုင်း စပါးရိတ် ခြွေစက်သံကြီးတွေလည်း တညံညံနဲ့ ကြားရပြန်တော့ ဝမ်းသာစိတ်ရော၊ ဝမ်းနည်းတဲ့စိတ်ပါ ပြိုင်တူလိုပေါ်လာတယ်။ ဝမ်းသာစိတ်က လယ်သမားတွေ အဆင့်မြင့်လာပြီဆိုတဲ့အတွေးကြောင့် ဖြစ်ပြီး မခေါ်ပဲကပ်ပါလာတဲ့ ဝမ်းနည်းစိတ်က ဟိုးအတိတ်က အချိန်တွေကို လွမ်းမိလို့ပါ။

ကဆုန်ညောင်ရေသွန်းပွဲကျင်းပတဲ့လဟာ မိုးဦးအကြို မေလထဲမှာဖြစ်သလို ‌နွေနေအပူရှိန်က မကျသေး။  လယ်ကွင်းပြင်ကျယ်ကြီးမှာ ပက်ကြားကွဲတွေက တချို့နေရာတွေဆို လက်တဆုံး လှမ်းလို့ပင်မမှီ။ စကားကြွယ်တဲ့ နွားကျောင်းသားတချို့ကဆိုတယ် “အဝီစိတောင်လှမ်းမြင်ရပြီ”တဲ့။ 

ဒါပေမဲ့ အနောက်တောင်မုတ်သုန်လေနဲ့အတူ မိုးဦးကျပြီးဆိုရင်တော့ လယ်ပက်ကြားကွဲတွေ ပြန်စိသွားပြီးဖြစ်လို့ တမျှော်တခေါ်လယ်ကွင်းပြင်ကျယ်ကြီးထဲမှာ လယ်ယာလုပ်သားတွေရဲ့ နွားမောင်းသံ၊ တောက်ခေါက်သံ၊ တခါခါ လေအဝှေ့မှာ လယ်ကွင်းတွေအနား ထန်းပင်ကြီး တဖျားလောက်မြင့်တဲ့ စေတီကြီးဆီက တချွင်ချွင်နဲ့ ပျံ့လွင့်လာတဲ့ခေါင်းလောင်းသံတွေက နံနက်ခင်းရဲ့အလှကို အားဖြည့်ထားသလို။   

လယ်ကွင်းပြင်ထဲမှာ ထယ်ထိုး၊ ထွန်မွှေရတာ အချိန်တနာရီခွဲလောက်ကြာပြီဖြစ်လို့ နံနက် ၇ နာရီလောက်မှာတော့ လူလည်းမော၊ နွားလည်းမောလို့ ပါလာတဲ့ကြွေရည်သုတ် ထမင်းချိုင့်လေးရယ်၊ ပုဆိုးဟောင်းလေးနဲ့ ပတ်ထားတဲ့ ဒန်ရေနွေးအိုးလေးကို လယ်ကန်သင်းဆုံမှာ နေရာချ၊ အသာဖွင့်လို့ နံနက်စာစား။ 

အနားပေးထာတဲ့ နွားကြီးတရှဉ်း(၂ ကောင်)ကလည်း သဘာဝအရ ညက ကြိတ်ဝါးခြင်းမပြုဘဲ တံတွေးနဲ့ ရောကာမျိုချထားတဲ့ အစာကြမ်းတွေကို အစာအိမ်ကပြန်ထုတ်ကာ ကြေညက်အောင်ပြန်လည် ကြိတ်ဝါး စားမြုံ့ပြန်ရင်းပေါ့။ 

ထမင်းစားနေရင်း ရုတ်တရက်မိုးတွေသဲလာလို့ ခမောက်ကို လေထဲပါမသွားအောင် ခပ်ဖိဖိလေးစောင်းလို့ ပါလာတဲ့မိုးကာလေးကို ခြုံရင်းထမင်းစားခဲ့ရတာလည်း မနည်းခဲ့။

မနက်စာစားအပြီး ဆေးလိပ်သောက်ချင်တဲ့အခါ လေကတိုက်နေတော့ ပုဆိုးကို ခေါင်းမီးခြုံ မီးခြစ်ပြီး မိုးရေစိုစိုမှာ ဆေးပေါ့လိပ်တိုတိုကို မီးညှိ ရှိုက်ဖွာရတဲ့အရသာဟာ ကျူးဘားခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရိုသောက်တဲ့ ဆေးပြင်းလိပ်ရဲ့ အရသာနဲ့တောင် မလဲနိုင်ပါ။

လူလည်းအစာပြေ၊ နွားတွေလည်းအစာကြေလောက်ပြီမို့ လုပ်ငန်းခွင်ထဲပြန်ဆင်းဖို့ ပြင်ဆင်တော့ နွားတွေ ကိုယ်မှာရှိတတ်တဲ့ ပိုးကောင်၊ မွှားကောင်တွေကို လာရောက်ရှာဖွေစားသောက်တဲ့ အမြီးနှစ်ခွနဲ့ ငှက်တော်ကလည်း တစုံတရာကို ကျေနပ်သွားလေဟန်‌၊ နောက်တခါ အလုပ်နားရင် ပိုးကောင်၊ မွှားကောင်တွေကို ပြန်လည် ရှာဖွေစားသောက်ဖို့ မလှမ်းမကမ်းက ပေါက်ပင်လေးဆီ ပျံတက်သွားလေရဲ့။ သူခြေနင်းထားတဲ့ သစ်ကိုင်းလေးနဲ့ သူရဲ့ နှုတ်သီးလေးကို ဘယ်တခါညာတလှည့် သုတ်သင်သန့်ရှင်းနေပုံကလည်း မရိုးနိုင်တဲ့မြင်ကွင်းတခုရယ်ပါ။  

တကယ်တော့ လယ်သမားအလုပ်ဆိုတာ နေပူမိုးရွာ၊ ရွှံထဲ၊ ဗွက်ထဲမှာ တနေကုန်ရုန်းကန်ရတာပါ။ မနက်ခင်း လုပ်ငန်းခွင်သိမ်းတော့ နေ့လယ်ခဏနားပြီး နွားခြံသန့်ရှင်းရေးလုပ်။ နွားစာဖြည့်လို့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ပေါက်ပြား ဒါမှမဟုတ် လယ်ကန်သင်းက မြက်တွေကို ခုတ်ဖို့ အရိုးအသွား ၃ ပေလောက်ရှိတဲ့ ဒေသအခေါ် ကိုင်းခုတ်ဓါးကို ညနေလယ်ထဲက အပြန်မှာ နွားစာမြက်ရိတ်မယ့် မြက်ထမ်းခြင်းထဲထည့်လို့ လယ်ကွင်းဆီကို ပြန်ထွက်ရပြန်တယ်။ 

အဲ့ဒီတုန်းက စပါးပျိုးထောင်တာကနေ စပါးစိုက်ပျိုးပြီးတဲ့အထိ မိုးလေဝသပေါ်မူတည်လို့  စပါးစိုက်ပျိုးကာလဟာ တလခွဲ၊ နှစ်လ ကြာတတ်ပါတယ်။ စပါးတွေ စိုက်ပျိုးလို့ပြီးပြီဆိုတာနဲ့ လူတကိုယ်လုံးဟာ နေလောင်ဒဏ်နဲ့ လယ်ထဲက သမန်းဆီတွေတက်ပြီး အသားအရေဟာ အာဖရိကလူမည်းကို ဆီသုတ်ထားသလိုမျိုး။  

လယ်ယာလုပ်ငန်းခွင်ဝင်ခါစ မိုးဦးကာလမှာ ဝဝဖြိုးဖြိုးနဲ့ ခိုင်းနွားကြီးတွေရဲ့ အသားတွေဟာလည်း ၂ လနီးပါးကြာ ပင်ပန်းဒဏ်နဲ့ အရင်လို မစည်ဖြိုးနိုင်တော့ပါ။ ဒါပေမယ့် ကျရောက်လာတဲ့ တာဝန်ထမ်းဆောင်ပြီးလို့ သူတို့ ၃ လလောက်နားခွင့်ရခဲ့ပြီး ကောက်သစ်ပေါ်မယ့်အချိန်အတွက် အားပြန်မွေးရပြန်တာပေါ့။ 

စပါးစိုက်ပျိုးချိန် ရောက်ပြီးဆိုရင် လူနဲ့ နွားဟာ ဒီလိုပဲ လယ်ယာပြင်မှာ အတူရုန်းကန်ခဲ့ကြရတာပါ။

လတွေဟောင်း၊ နှစ်တွေပြောင်းလို့ လယ်ကွင်းပြင်ကျယ်ကြီးထဲမှာ လယ်ယာလုပ် စက်ကရိယာတွေ အစားဝင်လာသလို ကျနော်လည်း အများနည်းတူ တရုတ်နိုင်ငံထုတ် လယ်လုပ်စက်ကလေး ဝယ်ဖြစ်ခဲ့တာပေါ့။ 

ဒီလိုနဲ့ ကျနော့်လယ်ကွင်းပြင်နဲ့ပတ်ဝန်းကျင်မှာ နွားမောင်းသံ တောက်ခေါက်သံတွေဆိတ်သုဉ်းလို့ လယ်လုပ် စက်ငယ်လေးဆီက တလူလူလွင့်တက်လာတဲ့ ဖြူပြာနုရောင် မီးခိုးငွေ့လေးတွေရယ်၊ အဆက်မပြတ် တဘုန်းဘုန်း မြည်နေတဲ့ လယ်လုပ်စက်ကလေးတွေကသာ နေရာယူလာပါတော့တယ်။  

အခုတော့ လယ်ကွင်းပြင်ကျယ်ကြီးထဲမှာ ခိုင်းနွားကြီးတွေ မမြင်ရတော့ဘူး။ ကျနော့်မှာလည်း ခိုင်းနွားကြီးတွေ မရှိတော့သလို လယ်ကွင်းပြင်ကြီးထဲမှာလည်း ကျနော် မရှိတော့ပါဘူး။ ဒါပေမဲ့ လယ်ကွင်းပြင် စိမ်းစိမ်းကြီးတွေ ကို မြင်လိုက်ရတယ်ဆိုရင် ဦးကျော်ဟိန်း သီချင်းထဲကလို "ဟိုအရင်ချိန်တွေ တမ်းတမက်မော ရင်း...။

#မြေလတ်အသံ​
#ဆောင်းပါး #ရသစာတမ်း #လယ်ယာမြေ #စိုက်ပျိုးရေး #တောင်သူအလွမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10