တန့်ဆည်က ရွာတရွာကို စစ်အုပ်စုက ဝင်ရောက်မွှေနှောက်

တန့်ဆည်က ရွာတရွာကို စစ်အုပ်စုက ဝင်ရောက်မွှေနှောက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက သပြေရင်းကျေးရွာမှာ စစ်သားနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က တညတာစခန်းချသွားပြီး နေအိမ်တွေကိုပါ ဝင်ရောက်မွှေနှောက်သွားတယ်လို့ ‌သိရပါတယ်။

အင်အား ၁၅၀ နီးပါးပါတဲ့ စစ်အုပ်စုဟာ တန့်ဆည်ဘောလုံးကွင်းကနေ ဖေဖော်ဝါရီလ ၅ ရက်မနက်က စစ်ကြောင်းထိုးထွက်လာပြီးနောက် ညနေ ၃ နာရီလောက်မှ သပြေရင်းရွာကိုဝင်ရောက်လာခဲ့တာလို့ တန့်ဆည်ဒေသခံ တဦးက မြေလတ်အသံကို ပြောပါတယ်။

"အဲဒီရွာထဲကို စခ တွေဝင်တာ ၅ ကြိမ် ၆ ကြိမ်‌လောက်ရှိ‌နေပြီးဆိုတော့ ရွာသားတွေလည်း လည်ကုန်ပြီ။ အိမ်မှာ အဖိုးတန်ပစ္စည်းဘာတခုမှ ချန်မထားကြဘူး။ စခ တွေက တရွာလုံး မွှေနှောက်သွားတယ်" လို့ ဆိုပါတယ်။

တညအိပ်စခန်းချပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်မနေ့က မနက်ပိုင်းမှ ရွာထဲကနေ ပြန်ထွက်သွားခဲ့ကာ ရွာသားတွေနဲ့ အနီးကျေးရွာက ဒေသခံတွေလည်း စစ်ကြောင်းထိုး တိုက်ခိုက်ခံရမှာ စိုးရိမ်ပြီး ရွာတွေကနေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ 

"ရွာသားတွေက ဖေဖော်ဝါရီလ  ၅ ရက်မနက်က ရှောင်တိမ်းနေရပါတယ်။ ဒီနေ့အထိ စစ်ကောင်စီလမ်းကြောင်းက ပြန်လာနိုင်လို့ ရွာသားတွေ ရွာထဲဝင်လို့ မရသေးပါဘူး။ အဖွဲ့အစည်းတွေကလည်း ခွင့်မပြုသေးဘူး။ ကံထူးမရွာကနေပြီး အနောက်ဘက်ကို ထွက်ပြီး စိတ်ချရပြီဆိုမှ ပြန်ဝင်ကြရမယ်" လို့ ဆိုပါတယ်။

သပြေအင်းကျေးရွာမှာ အိမ်ခြေ ၂၅၀ ကျော်ရှိပြီး၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ ပထမဆုံး စစ်ကြောင်းထိုးခံခဲ့ရတာဖြစ်သလို ခုလိုစစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး နှောက်ယှက်ခံရတာ ၅ ကြိမ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ 

ဒါ့အပြင် အောက်တိုလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ အဲ့ဒီရွာက နေအိမ် ၄ လုံးကို စစ်ကြောင်းထိုးချိန် မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

အခုလက်ရှိအချိန်မှာတော့ တန့်ဆည်မြို့နယ်ထဲက သပြေရင်း၊ ခရမ်းခြံ၊ ပဲခင်းကြီး၊ သစ်ရာပင်၊ သစ်ရွာ၊ ကန်ကလေးကုန်းနဲ့ ဇီးပေါက်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၃ ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး သူတို့အတွက် စားနပ်ရိက္ခာ၊ စောင်နဲ့ ဆေးဝါးပစ္စည်းတွေ အဓိကလိုအပ်လျှက် ရှိနေပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10