တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

 

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာက စာသင်ကျောင်းနဲ့ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၃၀ ရက် ဒီနေ့မနက် ၂ နာရီလောက်မှာ ဂျက်ဖိုက်တာလေယာဥ်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ခုလိုပစ်ခတ်ခဲ့လို့ စာသင်ကျောင်းဆောင်အချို့ ထိမှန်ပျက်ဆီးသွားပြီး ဆေးရုံကတော့ ပျက်စီးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

“လူအထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းထဲက ပေ ၁၅၀ အဆောင်တော့ စုတ်ပြတ်သွားတယ်။ ဆေးရုံကိုတော့ မထိလိုက်ဘူး။ ဆေးရုံအနီးက လယ်ကွင်းထဲကျသွားတယ်” တန့်ဆည်မြို့ခံတဦးက ပြောပါတယ်။

အခုလို ရွာရှည်(မ)ကျေးရွာကို စစ်ကောင်စီတပ်သားတွေက လေကြောင်းကနေလာရောက် ပစ်ခတ်တာဟာ ပထမအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ ရွာရှည် (မ) ကျေးရွာက နေအိမ်တွေကို ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းပြီး ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။  

ပျက်ဆီးသွားတဲ့ စာသင်ကျောင်းဟာ ယခင်စစ်အစိုးရလက်ထက်က ဘတ်ဂျက်မလောက်လို့ တဝက်တပျက်ဘဲ ဆောက်လုပ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့ အဆောင်တွေကို ပြည်သူလူထုက ရံပုံငွေစုပြီး ဆောက်လုပ်ထားခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်မြို့ပေါ်ကဆေးရုံတွေကို စစ်ကောင်စီ တပ်သားတွေက သူတို့တပ်ဆေးရုံအဖြစ် ပြုလုပ်ခဲ့တာကြောင့် ရွာရှည်(မ)ကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို ကျေးရွာတော်တော်များက အရေးပေါ်လူနာ၊ ကိုယ်ဝန်သယ်၊ မွေးလူနာတွေနဲ့ မြွေကိုက်ခံရလို့ အရေးပေါ်ကုသရတဲ့ လူနာတွေကို ကုသပေးဖို့အတွက် ပြည်သူလူထုက ကိုယ်ထူကိုယ်ထ ရံပုံငွေနဲ့ ဖွင့်လှစ်ထားခဲ့တာလို့လည်း သိရပါတယ်။ 

အခုလိုတိုက်ခိုက်တာဟာ နိုဝင်ဘာ ၂၉ ရက်က တန့်ဆည်မြို့ပေါ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်တပ်ထောက်ခံသူတွေက တန့်ဆည်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့ရဲ့ စာသင်ကျောင်းနဲ့ဆေးရုံတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ခိုလှုံနေတယ်ဆိုပြီး ပြောဆိုတဲ့အတွက် လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

တန့်ဆည်မြို့ပေါ်မှာ နိုဝင်ဘာလ ၂၂ ရက်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ရဲ့ ထိတွေ့တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးအခြေအနေ တင်းမာလျှက်ရှိနေပါတယ်။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #တိုက်ခိုက် #လေကြောင်း #ထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10