သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေဦးအစပ်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းပြိုင်ထိုးကာ မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာကနေ တန့်ဆည်မြို့နယ်အရှေ့ခြမ်းကို ထွက်လာတဲ့ အင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကြောင်းက နိုဝင်ဘာ ၁၆ ရက် မနေ့ကမနက် ၉ နာရီဝန်းကျင်မှာ ရေဦးမြို့နယ်မြောက်ခြမ်းက ရွာဗုကြီးကျေးရွာကို စတင်ဝင်ရောက်ခဲ့ပြီး ဒီကနေ့မှာတော့ ရေဦးမြို့နယ်ထဲက ရွာဗုကြီး၊ ကြို့ထိမ်း၊ ဆီဆုံ၊ မုံတိုင်ပင်ရွာနဲ့ တန့်ဆည်နယ်ထဲက ကလဇင်ရွာတို့ကို မီးရှို့နေတယ်လို့ ဆိုပါတယ်။
“တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလှန်၊ ငတန်းရွာတွေဘက်ကနေ ရေဦးနယ်မြောက်ဘက်ခြမ်း ရွာဗုကြီးရွာတွေဘက်ကို စစ်ကြောင်းစထိုးလာတယ်။ မီးရှို့တာကတော့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှ စရှို့တာ။ ၂ မြို့နယ်ချုပ်စပ် ကပ်လျက်ရွာတွေပဲ။”လို့ People's Defense Comradeအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။
ဒါ့အပြင် မနေ့က ညနေ ၄ နာရီဝန်းကျင်မှာလည်း တန့်ဆည်မြို့နယ်ထဲက ထွက်လာတဲ့ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းက တန့်ဆည်မြို့တောင်ဘက် မြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ ခပေါင်းကြိုင်ရွာမှာ တပ်စွဲထားပြီး ရွာထဲကိုလည်း ၃ နေရာခွဲ မီးရှို့နေတယ်လို့ ဆိုပါတယ်။
ခပေါင်းကြိုင်ကျေးရွာထဲ စစ်ကြောင်းဝင်ရောက်ချိန် သတ်ဖြတ်ခံရတဲ့ ပြည်သူတချို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် အတည်ပြုလို့မရသေးဘူးလို့ တန့်ဆည်ဒေသခံက ပြောပါတယ်။
“ခပေါင်းကြိုင်ရွာထဲက ၃ ယောက်တော့ အသတ်ခံရတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်သူဆိုတော့ မသိသေးဘူး။ တိတိကျကျ မသိရသေးဘူး။ ဒါပေမယ့် အသတ်ခံရတယ်လို့တော့ ကြားတော့ကြားထားပြီးပြီ၊ သတင်းကတော့ ပြည်သူ ၃ယောက်ပေါ့။”လို့ သူက ပြောပါတယ်။
လက်ရှိ တန့်ဆည်နယ်နဲ့ ရေဦးအစပ်မှာရှိနေတဲ့ စစ်ကြောင်း ၂ ခုဟာ ၇ မိုင် ဝန်းကျင်ပဲဝေးပြီး စစ်ကြောင်း ၂ ခု ပေါင်းနိုင်ခြေရှိတာကြောင့် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
အဲ့ဒီစစ်ကြောင်းတွေကြောင့် တန့်ဆည်နယ်အရှေ့တောင်ခြမ်းက တပ်သစ်၊ ကြို့ထိန်း၊ ရွာသူကြီး၊ ကလဇင်၊ တန့်ဆည်နယ်တောင်ခြမ်းက ခပေါင်းကြိုင်၊ တနယ်၊ စိမ်းစား၊ အရှေ့ကုန်းရိုး၊ အနောက်ကုန်းရိုး၊ ရေဦးနယ်မြောက်ခြမ်းက ရွာဗုကြီး၊ ဆီဆုံ၊ ပေကုန်း၊ စီးမ ၊ ရွာရှည်၊ မုံတိုင်ပင်၊ အင်ပင် စတဲ့ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ - ၂၀၂၄ ဖေဖော်ဝါရီ ၂၃ ရက်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေစဥ်။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #တန်းဆည် #ရေဦး #စစ်ကောင်စီ #မီးရှို့
Share Share Share