တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ ခုကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ ခုကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ နေရာကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်စောစော ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

တည့်ဆည်မြို့ပေါ်က ထွေအုပ်ရုံး ၊ အ.ထ.က (၁) စာသင်ကျောင်း၊ ဆေးရုံကြီးနဲ့ ဝန်ထမ်းအိပ်ယာတွေမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်တပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိသလို ဆေးဝါးတချို့နဲ့ ကွန်ပျူတာ ၁ လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အပြန်အလှန်ပစ်ခတ်ချိန် သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ အော်ပြီးပြေးတဲ့သူတွေကို မျက်မြင် တွေ့ခဲ့တယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တယောက်ကျသွားတယ်။ လောလောဆယ် စစ်ရေးအခြေအနေက တင်းမာနေဆဲမို့ သိမ်းဆည်းရမိတာတွေကိုတော့ တိတိကျကျပြောလို့ မရသေးဘူး” လို့သူက ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း အထိနာသွားတဲ့ ရဲ ၊ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေဟာ တန့်ဆည်မြို့ရဲစခန်းထဲကို ဝင်ရောက်သွားကြပြီး ရဲစခန်းထဲကနေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့  ပစ်ကူပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာ ၄ နေရာဟာ ရဲစခန်းပတ်ပတ်လည်မှာသာရှိကြောင်းနဲ့ သူတို့တပ်စွဲထားတာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကလို့လည်း သိရပါတယ်။ 

ဒါ့အပြင် တန့်ဆည်မြို့ နယ်ပြည်သူ့ဆေးရုံကြီးကိုလည်း သူတို့ရဲ့ တပ်ဆေးရုံအဖြစ် ပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။

အခုလို ထိတွေ့ပစ်ခတ်မှုတွေ မဖြစ်ပွားခင် မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်ရှောင်ရှားဖို့ပြောကြားခဲ့တဲ့အတွက် မြို့ပေါ်နေပြည်သူတချို့ ရှောင်တိမ်းနေတာကို စစ်ကောင်စီတပ်သားတွေက ဂိတ်ချပြီး ဖမ်းဆီးတာမျိုးတွေကို ပြုလုပ်ခဲ့သေးတယ်လို့လည်း အဆိုပါ တန့်ဆည်ကာကွယ်ရေးတပ်ဖွဲ့က ဆက်ပြောပါတယ်။

“ကျနော်တို့က ပြည်သူတွေကို ပြောထားတယ် ကြိုရှောင်ထားဖို့။ ပထမ တရက်တော့ ပြည်သူတွေ ရှောင်လို့ လွတ်သွားတယ်။ ဒုတိယရက်ကျတော့ သူတို့စောင့်ဖမ်းတာ အယောက် ၃၀ ကျော်လောက်အဖမ်းခံလိုက်ရတယ်။ မနေ့ညကလည်း သူတို့ရုံးဘေးမှာရှိတဲ့ နေအိမ်တွေကိုလည်း မီးရှို့ခဲ့သေးတယ် ” လို့ သူက ဆိုပါတယ်။

အခုချိန်ထိလည်း တန့်ဆည်မြို့ပေါ်မှာ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တဲ့အတွက် မြို့ပေါ်နေ ပြည်သူတွေက နေအိမ်ထဲကနေ မထွက်ရဲသေးဘူးလို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လဝကရုံး၊ မြို့နယ်ပညာရေးရုံး၊ မြို့နယ်တရားရုံးနဲ့ ရွှေဒေါင်းမင်းဆီဆိုင်ကို ကာကွယ်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်မြို့ #စစ်ကောင်စီ #ကာကွယ်ရေးတပ်ဖွဲ့ #မြို့သိမ်းတိုက်ပွဲ #ဆေးရုံကြီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10