တန့်ဆည်မြို့မှာ စစ်တပ်သောင်းကျန်း၊ နေအိမ်တွေ မီးရှို့ပြီး ဈေးဆိုင်က ပစ္စည်းတွေကို အဓမ္မယူငင်

တန့်ဆည်မြို့မှာ စစ်တပ်သောင်းကျန်း၊ နေအိမ်တွေ မီးရှို့ပြီး ဈေးဆိုင်က ပစ္စည်းတွေကို အဓမ္မယူငင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ စာသင်ကျောင်းနားတဝိုက်မှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ တွေက နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့က ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူအင်အား ထပ်မံဖြည့်တင်းထားပြီး မြို့ထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို စျေးထဲက မြို့ခံတွေ ပိတ်ထားတဲ့ စျေးဆိုင်တွေကို ဖွင့်ခိုင်းပြီး ကုန်စိမ်း၊ ကုန်ခြောက်တွေကိုလည်း သုံးဘီးဆိုင်ကယ်သုံးစီးနဲ့ ယူ ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

“စာသင်ကျောင်းပတ်ချာလည်နဲ့ နောက်ကျောမှာတော့ နေအိမ်အလုံး ၃၀ နီးပါးရှိတယ်။ ဘယ်နှစ်အိမ် မီးထဲပါသွားလဲတော့ အတိအကျမသိရသေးဘူး။ အဲ့ဒီနားက ပြည်သူတွေလည်း ကြိုရှောင်ထားတော့ အဖမ်းခံရတာမျိုးတွေလည်း မရှိဘူး’’ လို့ တန့်ဆည်မြို့ခံတဦးက ပြောပါတယ်။

အခုချိန်ထိလည်း စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေဆဲဖြစ်သလို သေနတ်တွေ ပစ်ဖောက်ပြီး ဆဲဆိုကြိမ်းမောင်းတာမျိုးတွေ ပြုလုပ်နေတဲ့အတွက် မြို့ပေါ်နေ ပြည်သူတွေဟာ နေအိမ်ကနေ အိမ်ပြင်ကို မထွက်ရဲကြဘူးလို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။

“ဒီနေ့မနက် **တွေက ဆဲဆို၊ သေနတ်တွေဖောက်ပြီး သောင်းကျန်းနေတာ၊ မြို့ပေါ်က ဘယ်သူမှအပြင် မထွက်ရဲကြဘူး။ စျေးတွေလည်း မဖွင့်ရဲကြဘူး” လို့ သူက ဆိုပါတယ်။

မနေ့က တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ အ.ထ.က (၁)စာသင်ကျောင်း ၊ ဆေးရုံကြီးနဲ့ ဝန်ထမ်းအိပ်ရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသူတွေရှိသလို ဆေးဝါးတချို့နဲ့ ကွန်ပျူတာတလုံးကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်ကလည်း တန့်ဆည်မြို့နယ် လမ်းဆုံမြို့ပေါ်မှာရှိတဲ့ နေအိမ်နဲ့ စျေးဆိုင်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်မြို့ #စာသင်ကျောင်း #မီးရှို့ #စစ်ကောင်စီ #သောင်းကျန်း #သူခိုး #စစ်တပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10