တန့်ဆည်မြို့ အစိုးရရုံး ၃ နေရာကို PDF ဝင်တိုက်လို့ စစ်သား ၂၅ ဦးခန့်သေ၊ သေနတ် ၁၄ ရရှိ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းထိုးပြီး အင်အားဖြည့်

တန့်ဆည်မြို့ အစိုးရရုံး ၃ နေရာကို PDF ဝင်တိုက်လို့ စစ်သား ၂၅ ဦးခန့်သေ၊ သေနတ် ၁၄ ရရှိ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းထိုးပြီး အင်အားဖြည့်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ အစိုးရရုံး ၃ နေရာနဲ့ စက်သုံးဆီအရောင်းဆိုင်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၂ ရက် မနက် ၁ နာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေ မရှိတော့ဘဲ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ တန့်ဆည်မြို့ပေါ်က လဝကရုံး၊ မြို့နယ်ပညာရေးရုံး၊ မြို့နယ်တရားရုံးနဲ့ ရွှေဒေါင်းမင်းဆီဆိုင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“အဲ့ဒီရုံးတွေက ဘယ်သူမှ ရုံးမထိုင်ဘူး။ ရုံးထိုင်လို့လည်း မရဘူး။ ဒီဘက်မှာ အုပ်ချုပ်ရေးယန္တရား မလည်ပတ်တာ တော်တော်ကြာနေပြီ။ အာဏာသိမ်းကတည်းက အဲ့ဘက်မှာ ဝန်ထမ်းတွေ တယောက်မှ မရှိဘူး။ သူတို့(စစ်ကောင်စီ)တွေပဲ အထိုင်ချထားတာ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။  

အဲ့ဒီနေရာတွေမှာ စစ်ကောင်စီတပ်က အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၅ ဦးခန့်သေဆုံးပြီး  PDF တွေဘက်ကလည်း ရဲဘော် ၁ ဦးသေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ 

သေဆုံးသွားတဲ့ PDF ရဲဘော် ၁ ဦးဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲအပြီးမှာ ရှင်းလင်းရေးလုပ်တော့ အလောင်းက အစိတ်(၂၅)ကျော်တယ်။ လက်နက်တွေကိုလည်း ကောက်နိုင်သလောက်ကောက်ခဲ့တယ်။ လက်နက်ကျည် ၁ ထောင်ကျော်ရခဲ့တယ်။” လို့ သူက ဆက်ပြောပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အုပ်ချုပ်ရေးရုံး ၃ ရုံးဟာ ခြံစည်းရိုးချင်း ကပ်လျက်ရှိနေတာဖြစ်ပြီး ရွှေဒေါင်းမင်းဆီဆိုင်ကတော့ အဲဒီရုံးတွေရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတာလို့ ဆိုပါတယ်။ 

“သူတို့ ခြံဝန်းတွေက ကပ်နေတော့ ကျနော်တို့တွေ တချိန်တည်းမှာပဲ ဝင်စီးခဲ့တာ။ ရွှေဒေါင်းမင်းဆီဆိုင်ကိုတော့ မီးရှို့ခဲ့တယ်။” လို့ PDF တပ်ဖွဲ့ဝင် တဦးက ဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ရာမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆံကြောင့် တန့်ဆည်မြို့ထဲက အသက် ၅ နှစ်အရွယ် မိန်းကလေးတဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးနေရာတွေကို နယ်မြေရှင်းလင်းပြီးနောက် မနက် ၄ နာရီအချိန်မှာတော့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အထက်ပါ စခန်းသိမ်းတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက MA - 13 သေနတ် ၃ လက် ၊ G - 3 သေနတ် ၃ လက် ၊ ကာဘိုင်သေနတ် ၇ လက် နဲ့ ခြောက်လုံးပြူးသေနတ် ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

စခန်းသိမ်းပိုက်ခဲ့တာနဲ့ပတ်သက်ပြီး မြေလတ်အသံက ကာကွယ်ရေးတပ်ဖွဲ့တွေထံ မှတ်တမ်းဓာတ်ပုံတွေကို တောင်းခံတဲ့အခါမှာတော့ ဓာတ်ပုံတွေကို ထုတ်ပြန်တာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။ 

ဒီနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရုံးနေရာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကား ၄ စီးနဲ့ ရောက်လာပြီး ရှင်းလင်းရေးတွေ လာရောက်လုပ်ဆောင်နေသလို မြို့အဝင်အထွက်တွေကိုလည်း ပိတ်ထားပြီး မြို့ပေါ်နေ ပြည်သူတွေကိုလည်း အပြင်ထွက်ခွင့်မပေးဘူးလို့ သိရပါတယ်။

“ရဲစခန်းနဲ့ အခုဖြစ်တဲ့ နေရာက ငါးမိနစ်လောက်တော့ ဆိုင်ကယ်စီးရတယ်။ အဲ့ဒီမှာ (စစ်တပ်က)ရှင်းလင်းရေး လာလုပ်ပြီး စခန်းထဲပြန်ဝင်သွားကြတယ်။ ပြည်သူတွေကတော့ တခုခုဖြစ်မှာစိုးလို့ အိမ်ထဲမှာပဲ နေကြတယ်။ မထွက်ရဲကြဘူး” လို့ တန့်ဆည်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အခုလို တိုက်ခိုက်ခံရတာကြောင့် ဒီနေ့မှာ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာကနေ စစ်ကြောင်း တကြောင်းနဲ့ ရေဦးမြို့နယ်ဘက်ကနေ စစ်ကြောင်း တကြောင်း တန့်ဆည်မြို့ဘက်ကို စစ်ကြောင်းထိုး ထွက်လာတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးလာရာမှာ ကာဘိုကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ဝိုင်းထားတယ်လို့ ထင်မှတ်ပြီး နေ့လယ် ၁ နာရီမှာ လေကြောင်းပစ်ကူခေါ်တာ လေကြောင်းက လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ 

"သဲကုန်းရွာကို ကာဘိုးဘက်က စစ်ကြောင်းရောက်တဲ့အချိန်မှာ သူတို့အဝိုင်းခံရတယ်ထင်ပြီး လေကြောင်းနဲ့ လာပစ်သွားတာ"လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

အဲ့ဒီလေကြောင်း ပစ်ခတ်မှုကြောင့် တန့်ဆည်မြို့နယ်၊ သဲကုန်းကျေးရွာက အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တန့်ဆည်မြို့နယ် သဲကုန်းကျေးရွာမှာ အင်အား ၁၃၀ ခန့်နဲ့ တပ်စွဲထားသလို တန့်ဆည်မြို့ဘောလုံးကွင်းမှာလည်း အင်အား ၈၀ လောက်နဲ့ အင်အားဖြည့်တင်းထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

အလားတူ ရေဦးမြို့နယ်၊ ကံပေါက်ကျေးရွာဘက်ကလည်း စစ်ကြောင်းတကြောင်းထိုးလာတာကြောင့် တန့်ဆည်မြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

တန့်ဆည်မြို့နယ်အတွင်းက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားမှုကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက အခုလို မှတ်ချက်ပြုပါတယ်။ 

"၈၀ ရာခိုင်နှုန်းလောက် နယ်မြေစိုးမိုးမှုယူထားနိုင်တယ်။ မြို့ပေါ်မှာပဲ မယူနိုင်တာ။ ကျန်တဲ့နေရာတွေ အကုန်ယူနိုင်တယ်

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် # သဲကုန်း #အုပ်ချုပ်ရေးရုံး #စခန်းသိမ်း #လေကြောင်း #စစ်ကောင်စီ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10