တန့်ဆည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီး ၃ ဦးအပါ ပြည်သူ ၅ ဦးသေဆုံး

တန့်ဆည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီး ၃ ဦးအပါ ပြည်သူ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို စစ်ကောင်စီက လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့ ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၄ ရက် မွန်းလွဲ  ၂ နာရီ ၄၅ မိနစ်လောက်မှာ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာလေယာဉ်တစီးဟာ စိန်းနန်းရွာထဲကို ပေါင် ၂၀၀ ဗုံး ၂ လုံး၊ Rocket ၂ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေါ်မိဖွေး ၅၃ နှစ်၊ ဒေါ်မိုးအေး ၄၇ နှစ်၊ မဇင်နွယ်ထွန်း ၂၇  နှစ်၊ နိုင်နိုင်ထွန်း ၂၃ နှစ် နဲ့ အောင်ထက်မြတ်အောင် ၅ နှစ်တို့ ထိမှန်သေဆုံးသွားပါတယ်။

ဒါ့အပြင် ဒေါ်မင်းလယ် ၇၀ နှစ် ၊ ဒေါ်သိန်းရ ၅၀ နှစ် ၊ မဥမ္မာဝင်း ၂၇ နှစ် ၊ မမိုးခိုင် ၄၇ နှစ် ၊ နန်းကိုဦး ၆ နှစ် ၊ အေးအေးအောင် ၃၁ နှစ် ၊ ဒေါ်ချိုဝင်း ၅၀ ၊ ဒေါ်ခင်မိ ၇၀ နှစ် ၊ ဖြိုးထက်အောင် ၁၀ နှစ် တို့ထိမှန်ဒဏ်ရာရသွားပြီး လူနေအိမ် ၅ လုံး နဲ့ ကျောင်းဘော်ဒါဆောင် ၂ ဆောင်လည်း ပျက်ဆီးသွားခဲ့ပါတယ်။

 

“ဒဏ်ရာရသူတွေထဲမှာ ၂ ဦးက စိုးရိမ်ရတယ်။ စိန်းပန်းရွာက အခုလိုလေကြောင်းနဲ့ အပစ်ခံရတာ ပထမ အကြိမ်ပဲ။ အရင်က ရွာနားကိုလာပစ်တာတွေပဲရှိတာ။ အဲဒီရွာထဲမှာလဲ ကာကွယ်ရေးတပ်ဖွဲ့တွေ တယောက်မှ မရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့လာပစ်သွားတာ” လို့တန့်ဆည်မြို့ ခံတဦးက ပြောပါတယ်။

 

 

အခုလက်ရှိအချိန်မှာတော့ စိန်းနန်းရွာထဲကို ဒေသခံပြည်သူတွေ ပြန်လည်နေထိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ထပ်မံလာရောက်ပစ်ခတ်မှာကို စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

 

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း တန့်ဆည်မြို့နယ် ရွာရှည်(မ)ကျေးရွာက စာသင်ကျောင်းနဲ့ တိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်သားတွေက ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပစ်ခဲ့လို့ စာသင်ကျောင်းဆောင်တချို့ ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။

 

 ဇန်နဝါရီ ၄ ရက် မနေ့ကနေ့လယ် ၂ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီက ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာနဲ့ ရေဖြူကျေးရွာလမ်းခွဲကို လေကြောင်းတိုက်ခိုက်သွားခဲ့ပါသေးတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ရဲ့ လှုပ်ရှားမှုသတင်းပေါက်ပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

 

"လှုပ်ရှားမှုတချို့သတင်းပေါက်တယ်လို့ပြောရမှာပေါ့။ အဲ့ဒါကြောင့် လာကြဲသွားတာ။ အထိခိုက်မရှိပါဘူး" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

 

 

စာတည်း −လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည် #စိန်းနန်းရွာ #စစ်ကောင်စီ #လေယာဉ် #ဗုံးကြဲ #ကလေးငယ် #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10