တန့်ဆည်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲချရာ ပြည်သူ ၂ ဦးဒဏ်ရာရ၊ ကုန်ကားတွေပျက်စီး

တန့်ဆည်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲချရာ ပြည်သူ ၂ ဦးဒဏ်ရာရ၊ ကုန်ကားတွေပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အနောက်ဘက်ခြမ်း ပြည်ထောင်စုလမ်းမကြီးမှာ  စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရပြီး ကုန်ကားတွေလည်း ပျက်စီးခဲ့တယ်လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်က လေယာဥ်နဲ့တိုက်ခိုက်ခဲ့ရာမှာ တန့်ဆည်-ကံထူးမ-မဟာမြိုင်-ကလေးဝ ပြည်ထောင်စု လမ်းမဘေး ဝဲယာတလျှောက် တောင်ဟုန်ရွာအနီးတဝိုက်ကို ဖေဖော်ဝါရီ ၁၄ ရက်၊ နေ့လယ် ၁၂ ခန့်မှာ ဗုံး ၈ လုံး ထက်မနည်းကြဲချ တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

" အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးနေတာ မရှိပါဘူး။ ကားဆရာ ၂ ဦး ဒဏ်ရာရတယ်။ အသေအပျောက်တော့ မကြားရသေးဘူး" လို့ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကားဆရာ ၂ ဦးကိုလည်း  ဆေးဝါးကုသပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

တံတားဦးလေတပ်က တက်လာတဲ့ K-8 ဂျက်ဖိုက်တာ ၁ စီးက နေ့လယ် ၁၂ နာရီခန့်မှာ တကြိမ် A- 5 ဂျက်ဖိုက်တာ ၁ စီးက နေ့လယ် ၁ နာရီကျော်ခန့်မှာ တကြိမ်နဲ့ စုစုပေါင်း ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခဲ့ရာမှာ သစ်၊ ဝါးများ တင်ဆောင်လာတဲ့ ကုန်ကားတစီး၊ စပါးများတင်ဆောင်လာတဲ့ ကုန်ကားတစီးနဲ့ တခြားကားတစီးကားခေါင်းပိုင်း ပျက်စီးခဲ့သလို ကားလမ်းပိုင်း နေရာတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ် လို့ သိရပါတယ်။

ပုံစာ - ဖေဖော်ဝါရီ ၁၄ ရက်က ထိခိုက်ပျက်စီးခဲ့သည့် ကုန်ကားများကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#တန့်ဆည်မြို့ #ပြည်ထောင်စုလမ်းမ #စစ်ကောင်စီ #လေယာဥ် #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10