တန့်ဆည်မှာ ၂ ရက်ဆက် လေကြောင်းပစ်ခတ်မှုလုပ်လို့ ပြည်သူ ၁ ဦးသေဆုံး

တန့်ဆည်မှာ ၂ ရက်ဆက် လေကြောင်းပစ်ခတ်မှုလုပ်လို့ ပြည်သူ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု ၂ ရက်ဆက် လုပ်တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

တံတားဦးလေဆိပ်က ထွက်လာတဲ့ Yak 130 ဂျက်ဖိုက်တာတစီးဟာ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ တန့်ဆည်-မင်းကင်းနယ်စပ် မိုင်တိုင် ၅၄ အနီးကိုတကြိမ်၊ ည ၈ နာရီခန့်မှာ တောင်ကြောင်းရွာ အနီးကိုတကြိမ်၊ ည ၁၁ နာရီကျော်မှာ ပန်းထိမ်ကုန်းရွာအနီးကိုတကြိမ် ပစ်ခတ်ခဲ့ပါတယ်။ 

အဲ့ဒီနေ့ပစ်ခတ်မှုမှာ တောင်ကြောင်းရွာက သက်လတ်ပိုင်း အမျိုသမီး ၂ ဦး ထိမှန်ဒဏ်ရာရပြီး ပန်းထိမ်ကုန်းရွာက အသက် ၇၀ အရွယ် အဖိုးတဦးက ကျည်ထိမှန်သေဆုံးတယ်လို့ ဆိုပါတယ်။

“မနေ့က သူတို့(စစ်ကောင်စီ)တွေ တရက်တည်း ၃ ကြိမ်တိတိ လာပစ်သွားတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်ကတော့ ခါးထိထားတော့ စိုးရိမ်ရတယ်။ တောင်ကြောင်းရွာမှာတော့ နေအိမ်နည်းနည်း ထိခိုက်တာတွေရှိတယ်”လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့ သက်လတ်ပိုင်းအမျိုးသမီး ၂ ဦးကို ဆေးဝါးကုသမှုပြုလုပ်ပေးနေပြီး သေဆုံးသွားတဲ့ အဖိုးကိုတော့ ဒီနေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ 

အလားတူ ဖေဖော်ဝါရီ ၁၄ ရက်မှာလည်း တန့်ဆည်-ကလေးဝလမ်း မိုင်တိုင် ၃၇ အနီးကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ခရီးသွား အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၁၅ ရက်အထိ စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၄၅၂၆ ဦး အထိရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #လေကြောင်းပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10