တပခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း BWM ပြော

တပခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း BWM ပြော

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိသလို အဆောက်အဦတချို့ လည်း ထိမှန်ပျက်စီးသွားတယ်လို့ Brave Warriors for Myanmar - BWM တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၅ ရက် ဒီမနက် ၃ နာရီ ၄၀ မိနစ်လောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ဌာနချုပ်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး နဲ့ ပစ်ခတ်ခဲ့ရာ ၄ လုံးက ဌာနချုပ်အတွင်းရှိ ကင်းတဲနဲ့ အရာရှိလိုင်းခန်းတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ 

“ကင်းတဲကိုထိမှန်ပြီးတော့မှ အဲဒီက ၂ ဦးသေတာရယ်၊ နောက်တခုက တောင်ပိုင်းတိုင်းစစ်ဌာချုပ်ရဲ့ အုပ်ချုပ်မှုရုံးကိုထိလို့ အမိုးပွင့်သွားပြီးတော့မှ သေတာ ၃ ယောက်။ တပ်ရေးဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိ ၁ ဦးကတော့ ညာဘက်ခြေထောက်ဒဏ်ရာရတယ်၊ စိုးရိမ်ရတယ်။ နောက်တခုကတော့ အရာရှိလိုင်းခန်းကိုထိပြီးတော့မှ ၃ ဦး ဒဏ်ရာရတယ်" လို့ BWM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ခုလိုတိုက်ခိုက်မှုအတွက် အချိန် ၂ လကျော်ယူခဲ့ရပြီး မစ်ရှင်ဖော်ဆောင်ချိန်မှာလည်း လမ်းမကောင်းတဲ့အတွက် ရေတွေ၊ ရွှံ့တွေကြားထဲကနေ ပစ္စည်းတွေကို ခက်ခက်ခဲခဲသယ်ယူသွားရတယ်လို့ သူကဆက်ပြောပါတယ်။

“အချိန်ကတော့ တော်တော်ကြာကြာယူခဲ့တယ်။ မိုးရွာတာ၊ ရေကြီးတာတွေ မဖြစ်ခင်ကတည်းက စီစဉ်နေတာပေါ့လေ။ ဒါပေမဲ့ ကြားထဲမှာ မိုးရွာရေကြီးသွားတော့ အဲဒီဟာကို ပြန်ပြီးတော့ငြိမ်အောင် ပြန်စောင့်ပြီးမှ လုပ်ရတာပေါ့။ အချိန်ယူခဲ့ရပေမယ့် အောင်မြင်ပါတယ်။” လို့ဆိုပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်မပစ်ခတ်ဘဲ ကင်းထောက်ဒရုန်းတွေနဲ့သာ လှည့်ပတ်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်နဲ့ အတည်ပြုနိုင်တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)၊ NSA31 မြို့ပြပြောက်ကျားအဖွဲ့ နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

တပခဟာ ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတိုင်းစစ်ဌာနချုပ်တခုဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တပခထဲကို ဒရုန်း အစင်း ၁၀၀ ရောက်ရှိနေတဲ့သတင်းတွေကြားတဲ့အတွက် အခုလိုတိုက်ခိုက်ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအသီးသီးရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေကို အဓိကကြိုးကိုင်ကွပ်ကဲနေတဲ့ ပင်မစစ်ဗဟိုချက်နေရာတွေဖြစ်တဲ့အတွက် အဆိုပါ တိုင်းစစ်ဌာနချုပ်တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတွေကို အင်အားချည့်နဲ့အောင် လုပ်ဆောင်တာဟာ Chain of Command အောက်မှာရှိတဲ့ မြေပြင်လက်ရုံးတပ်ရင်းတပ်ဖွဲ့တွေကိုလည်း အလိုအလျှောက်အင်အားချည့်နဲ့စေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

BWM နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ တိုင်းစစ်ဌာနချုပ်တွေကိုလည်း လေတပ်စခန်းတွေနည်းတူ အထူးပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်သလို BWM အနေနဲ့ တိုက်ခိုက်ခဲ့တဲ့ မစ်ရှင် ၂၃ ခုမြောက်ထဲမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်တာဟာ ခုတကြိမ်က ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၉ ရက်ကလည်း BWM ပူးပေါင်းတပ်ဖွဲ့ဟာ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး နဲ့ပစ်ခတ်ခဲ့ရာ ၂ လုံးက ရှမ်းမြောက်ကိုစစ်ဆင်ရေးသွားမယ့် စစ်သားတွေနေတဲ့ အဆောက်အဦ ၂ ခုကို ထိမှန်ကာ ၂ လုံးကတော့ လပခဝန်းထဲက အဆောက်အဦ မရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ လုံးကတော့ မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #တပခ #တိုက်ခိုက် #‌ရှော့တိုက်ဒုံး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10